ဂမ်ဘီယာဝန်ကြီး

March 8, 2018

လိင်ပိုင်းစိတ်ဝင်စားသူများ ထိုင်းနိုင်ငံသွားရန် ပြောခဲ့သည့် ဂမ်ဘီယာဝန်ကြီး ပြန်တောင်းပန်

လိင်ပိုင်းဆိုင်ရာ ခရီးသွားမှုတွေနဲ့ပတ်သက်ရင် ထိုင်းနိုင်ငံကိုသာ သွားပါလို့ စော်ကားပြောဆိုခဲ့တဲ့အတွက် ဂမ်ဘီယာနိုင်ငံက ပြန်တောင်းပန်လိုက်ပါတယ်။ ဒီစကားကို အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဟာမက်ဘာက ပြောခဲ့တာပါ။ ဂမ်ဘီယာနိုင်ငံဟာ ဆောင်းရာသီဆိုရင် ခရီးသွားတွေ သိသိသာသာ လာရောက်လည်ပတ်လေ့ရှိပြီး တချို့ခရီးသွားတွေကတော့ ဒီလိုရောက်လာတာဟာ လှပတဲ့ ကမ်းခြေတွေဆီ လာရောက်ဖို့ထက်ပိုတဲ့ တခြားကိစ္စတွေအတွက် လာရောက်နေကြတာလို့ ဆိုပါတယ်။ ဒါကြောင့်မို့ သူက ခရီးသွားတွေအနေနဲ့ ဆင်းရဲတဲ့ အာဖရိကနိုင်ငံဆီ လိင်ပိုင်းဆိုင်ရာအတွက် မျှော်လင့်ပြီး လာမယ်ဆိုရင် သူတို့နိုင်ငံအစား ထိုင်းနိုင်ငံကိုသွားလို့ ပြောခဲ့တာပါ။ ထိုင်းအစိုးရကတော့ ခုလို ပြင်းပြင်းထန်ထန် စော်ကားတဲ့ စကားနဲ့ ပြောဆိုခဲ့တဲ့အပေါ် စိတ်ဆိုး ဒေါသထွက်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဗီရာရော့ဂ်ျပေါ့ဂ်ျ ချန်နရတ်က ထိုင်းနိုင်ငံ လိင်မှုခရီးသွားလုပ်ငန်းဟာ အစိုးရရဲ့ တိုက်ဖျက်မှုစီမံကိန်းတွေကြောင့် ကျဆင်းနေပြီ ဖြစ်တယ်လို့ သီးခြားပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာတော့ ဂမ်ဘီယာ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက တရားဝင်တောင်းပန်တဲ့ ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်ထဲမှာ “ကံမကောင်းစွာပဲ ခုလို နားလည်မှုလွဲမှားစေတဲ့ မှတ်ချက်မျိုး ဖြစ်စေခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်းနဲ့ ဝန်ကြီးရဲ့ မှတ်ချက်စကားက အစိုးရကို ရောင်ပြန်ဟပ်စေမယ့်မှတ်ချက် မဖြစ်သင့်ဘူး” လို့ ဖော်ပြထားပါတယ်။
4 years Ago
Up