ဂမ္ဘီယာ

February 26, 2018

လိင်ပိုင်းစိတ်ဝင်စားသည့် ခရီးသွားများ ထိုင်းနိုင်ငံသို့သွားဟု ဂမ်ဘီယာခရီးသွားဝန်ကြီး ပြော

အာဖရိကနိုင်ငံတခုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဟာမက်ဘာက ထိုင်းနိုင်ငံကို ပြောင်ပြောင်တင်းတင်း စော်ကားတဲ့ စာတစောင် ထုတ်ပြန်လိုက်ပြီး ခရီးသွားတွေအနေနဲ့ ဆင်းရဲတဲ့ အာဖရိကနိုင်ငံကို လိင်ပိုင်းဆိုင်ရာအတွက် မျှော်လင့်ပြီး လာမယ်ဆိုရင် သူတို့နိုင်ငံအစား ထိုင်းနိုင်ငံကိုသွားလို့ စာထဲမှာ ပြောထားပါတယ်။ ဂမ်ဘီယာနိုင်ငံမှာ ဆောင်းရာသီဆိုရင် ခရီးသွားတွေ သိသိသာသာများပြီး တချို့ခရီးသွားတွေ ဒီတိုင်းပြည်ကိုလာတာက ကမ်းခြေတွေဆီ လာဖို့ထက် ပိုတဲ့ တခြားကိစ္စတွေအတွက် လာတာလို့ သိရပါတယ်။ မစ္စတာဘာက “အကယ်၍ ခင်ဗျားတို့အနေနဲ့ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဦးတည်ချက်ရှိရင် ထိုင်းနိုင်ငံကိုသွားကြပါ။ ဂမ်ဘီယာနိုင်ငံက လိင်ကိစ္စနဲ့ပတ်သက်လို့ ဦးတည်ရမယ့်နိုင်ငံ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ဂမ်ဘီယာနိုင်ငံသားတိုင်းလည်း အဲဒီတေးသွားကို ဆိုရမယ်။ ကျနော်တို့က လိင်ပိုင်းဆိုင်ရာအတွက် ပန်းတိုင်နိုင်ငံမဟုတ်ဘူး။ ကျနော်တို့ရဲ့နိုင်ငံကို အဲ့လိုအခြေအနေရောက်အောင် အားထုတ်မှာ မဟုတ်ဘူး။ ကျနော်တို့တိုင်းပြည်ကို  မူလအခြေအနေတိုင်းဖြစ်အောင် ကျနော်တို့တွေအားလုံး ထိန်းသိမ်းကာကွယ်ရမယ်” လို့ ပြောပါတယ်။ မစ္စတာဘာက ကြာသာပတေးနေ့တိုင်းလွှင့်တဲ့ နိုင်ငံတော်ပိုင် ရုပ်မြင်သံကြား သတင်းဌာန တခုဖြစ်တဲ့ ဂျီအာတီအက်စ်တီဗွီသတင်းရဲ့ နောက်ဆုံးရသတင်း တင်ဆက်မှုအတွင်း ဒီလိုပြောလိုက်တာလို့ ထရာဗယ်ဝါယာနယူးစ်သတင်းဌာနက ပြောပါတယ်။ အသက်မပြည့်သေးတဲ့ ဂမ်ဘီယာလူငယ်တွေနဲ့ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုရှိတဲ့ နိုင်ငံခြားသားတွေကို တရားစွဲဆိုသွားမယ်လို့လည်း ဂမ်ဘီယာ ခရီးသွားလာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးက သတိပေးထားကြောင်း ကိုကိုးနက်သတင်းမှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago

January 18, 2017

ဂမ်ဘီယာသမ္မတက နိုင်ငံတွင်း အရေးပေါ်အခြေအနေ ကြေညာ

ဂမ်ဘီယာသမ္မတ ယာဟယာ ဂျာမာက နိုင်ငံတွင်း အရေးပေါ်အခြေအနေအဖြစ် ဇန်နဝါရီ ၁၇ ရက်နေ့က နိုင်ငံပိုင်ရုပ်သံကနေ ကြေညာပါတယ်။ သူ့ရဲ့ တရားဝင်လုပ်ပိုင်ခွင့်အာဏာ သက်တမ်းမကုန်ခင် တရက်အလိုမှာ ခုလို ကြေညာလိုက်တာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁ ရက်နေ့ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ အတိုက်အခံခေါင်းဆောင် အာဒါမာ ဘာရိုးကို အာဏာလွှဲပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ အရေးပေါ်အခြေအနေ ကြေညာချက်ရဲ့ အသေးစိတ် တိကျတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ချက်ချင်း မသိရသေးပါဘူး။ ဇန်နဝါရီ ၁၉ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ခံသမ္မတရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပေါ် ဂယက်ရိုက်နိုင်စွမ်းကိုလည်း မသိရသေးပါဘူး။ ဇန်နဝါရီ ၁၇ ရက်နေ့ အစောပိုင်းက ဂျာမာရဲ့ အစိုးရအဖွဲ့ကနေ ဘဏ္ဍာရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင်ဝန်ကြီးတွေ ရာထူးက နုတ်ထွက်ခဲ့ကြတယ်လို့ နိုင်ငံပိုင်ရုပ်သံက ပြောပါတယ်။ လာမယ့် ဇန်နဝါရီ ၁၉ ရက်နေ့မှာ သမ္မတရာထူးက ဆင်းမပေးရင် စစ်ပြန် စစ်မှုထမ်းဟောင်း သမ္မတကို ရာထူးက ဖြုတ်ချဖို့ ဒေသတွင်း တပ်တွေက ပြင်ဆင်ခဲ့ပြီးပါပြီ။ ဂျာမာဟာ ၁၉၉၄ အာဏာသိမ်းမှုပြီးတည်းက အာဏာရခဲ့သူပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးကတည်းက အိမ်နဲ့ နိုင်ငံခြားမှာ သီးခြားနေခဲ့ပါတယ်။ ဂမ်ဘီယာနိုင်ငံဟာ ဗြိတိသျှကိုလိုနီအဖြစ်ကနေ ၁၉၆၅ ခုနှစ်မှာ လွတ်လပ်ရေး ရပြီးတည်းက ခုထိ သမ္မတ ၂ ဆက်ကသာ အာဏာကို ချုပ်ကိုင်ထားခဲ့တာပါ။ ဂျာမာ ရွေးကောက်ပွဲ ရှုံးနိမ့်အပြီး နိုင်ငံတွင်းအကျပ်အတည်းကို တွန်းပို့သလို ဖြစ်ခဲ့ပါတယ်။ အစိုးရဘက်က ဘက်ပြောင်းခိုလှုံသူတွေနဲ့ ရာနဲ့ချီတဲ့ နိုင်ငံသားတွေဟာလည်း အကြမ်းဖက်မှုကို စိုးရိမ်လို့ နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။
5 years Ago
Up