ဂန်စုပြည်နယ်

July 27, 2021

တရုတ်နိုင်ငံ၊ ဂန်စုပြည်နယ်တွင် ပြင်းထန်သည့် သဲမုန်တိုင်း တိုက်ခတ်

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဂန်စုက ရှေးဟောင်း မို့ကောင်းလိုဏ်ဂူတွေ တည်ရှိရာ တန်းဟွမ်မြို့မှာ  ဇူလိုင် ၂၅ ရက် ညနေ ၃ နာရီလောက်က ပြင်းထန်တဲ့ သဲမုန်တိုင်း တိုက်ခတ်ခဲ့ပါတယ်။

မီတာ ၁၀၀ လောက်မြင့်တဲ့ တံတိုင်းနဲ့တူတဲ့ သဲမုန်တိုင်းဟာ မြောက်ဘက်ကနေ တောင်ဘက်ကို တိုက်ခတ်ခဲ့ပြိး မိနစ်ပိုင်းအတွင်းမှာ အဝေးပြေးလမ်းကို ဖုံးလွှမ်းသွားပါတယ်။

ကောင်းကင်ကလည်း အဝါရောင် ပြောင်းလဲသွားသလို မြင်နိုင်စွမ်းကလည်း ၅ မီတာအောက် လျော့နည်းပါတယ်။

ဒေသခံ ယာဉ်ထိန်းရဲတွေက တိုးဂိတ်တွေမှာ ယာဉ်ကြောကို ထိန်းချုပ်ပေးခဲ့ပြီး သောင်တင်နေတဲ့ ကားတွေကို အဝေးပြေးလမ်းကနေခွာပြီး ဝန်ဆောင်မှုပေးတဲ့နေရာတွေမှာ ရပ်ခိုင်းလိုက်ရပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေး မြို့တော် ရှန်ဟိုင်းနဲ့ အနားက ကမ်းရိုးတန်းဒေသတွေမှာတော့ ဇူလိုင် ၂၅ ရက်မှာ တိုင်ဖွန်းမုန်တိုင်း အင်ဖှာက ကုန်းတွင်း ဝင်ရောက်တိုက်ခတ်ခဲ့လို့ လေကြောင်းခရီးစဉ် အားလုံးကို ဖျက်သိမ်းထားရပါတယ်။

မြေအောက်ရထားတွေကိုလည်း ပြေးဆွဲတာ ဆိုင်းငံ့ထားသလို မြို့တွင်း စီးပွားရေး လုပ်ငန်းတွေကိုလည်း ပိတ်သိမ်းထားရပါတယ်။

မုန်တိုင်းဟာ ကျဲ့ကျန်းပြည်နယ်ရဲ့ အဓိကဆိပ်ကမ်းမြို့ ကျိုးရှန်းရဲ့ ပူတူအိုခရိုင်ကနေ တနင်္ဂနွေ မွန်းလွဲပိုင်းမှာ ကုန်းတွင်းဝင်ခဲ့တာလို့ အစိုးရရုပ်သံ စီစီတီဗီက ထုတ်လွှင့်ပါတယ်။

ကယ်ဆယ်ရေးသမားတွေက ရေဘေးကနေ ရွာသားတွေကို အသက်ကယ်လှေတွေနဲ့ ကယ်ထုတ်နေပုံကိုလည်း ပြသပါတယ်။

မုန်တိုင်းဟာ ၁ နာရီ ၈၅ မိုင် လေတိုက်နှုန်းနဲ့ တိုက်ခတ်ခဲ့တယ်လို့ မိုးလေဝသ စီမံခန့်ခွဲရေးရုံးက ပြောပါတယ်။

ကျဲ့ကျန်း ကမ်းရိုးတန်းတလျှောက် မြောက်ဘက်ကို ဆက်လက်တိုက်ခတ်ခဲ့လို့ ရှန်ဟိုင်းမြို့ကို ဖြတ်သန်းပြီး ညနေပိုင်းမှာ နိုင်ငံအရှေ့မြောက်ပိုင်း ကျန်စုပြည်နယ်ကို ရောက်ဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

4 months Ago
Up