ဂန့်ဂေါမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့်

April 3, 2019

ဂန့်ဂေါမြို့နယ်တွင် လေပြင်းတိုက်ခတ် မိုးသီးများကျရောက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မွှေ့လယ်ကျေးရွာအုပ်စုမှာ  ဧပြီ ၂ ရက်နေ့ ညပိုင်းက မိုးသီးတွေ အမြောက်အများပါဝင်တဲ့ လေပြင်းတွေ တိုက်ခတ်သွားပါတယ်။ ဆီးသီးလုံးအရွယ်အစား မိုးသီးတွေ စုပြုံကြွေကျခဲ့တာဖြစ်ပြီး မွှေ့လယ်ကျေးရွာအုပ်စုရှိ မွှေ့လယ်၊ ရဲလှ၊ သာစည်၊ ရေရှင်မ၊ မိုးစို စတဲ့ကျေးရွာတွေမှာ ကျရောက်ခဲ့တာဖြစ်ပါတယ်။ မွှေ့လယ်ကျေးရွာနေ ဦးအုန်းချိုက "တသက်နဲ့တကိုယ် ဒါမျိုးတခါမှ မကြုံဖူးဘူး။ အသက် ၇၀ ကျော်လူကြီးတွေကအစ မကြုံဖူးဘူးပြောတယ်။ စံချိန်တင်ပဲ။ လေက အစောပိုင်းတိုက်တာ ည ၁၀ နာရီလောက်က။ မိုးသီးကျတာကတော့ ၁၂ နာရီလောက်နေမှာ။ မိုးသီးဘယ်လောက်ပြင်းလဲ၊ များလဲကတော့ အဝေးပြေးလျှပ်စစ်မီးလိုင်းက ကြွေသီးတွေတောင်ကွဲပြီး မီးပြတ်တယ်။ အခု ဒါတွေ လိုက်လုပ်နေကြတာ။"လို့ပြောပါတယ်။ မိုးသီးကြောင့် သစ်ပင်ပေါ်မှာ အိပ်တဲ့ ကြက်၊ ငှက်တွေလည်း သေဆုံးတာတွေရှိခဲ့သလို နေကြာ၊ ကုလားပဲ တွေလည်း ထိခိုက်ပျက်စီးတာတွေရှိပြီး အိမ်တွေထဲကိုလည်း ရေဝင်လို့ ပျက်စီးတာတွေ ရှိပါတယ်။ လက်ရှိ ပျက်စီးမှုအနေအထားကို ကျေးရွာတာဝန်ရှိသူတွေက စာရင်းကောက်ယူနေပြီး သက်ဆိုင်ရာကို တင်ပြနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ဘော်ပြင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစာမောင်က "ကျနော်တို့ ရွာမှာတော့ လေကြမ်းတယ်။ ပျက်စီးတာတော့ မရှိပါဘူး။ ညနေ ကတည်းက တိုက်တဲ့လေက ည ၁ နာရီလောက်ထိ ကြာတယ်။ မိုးလည်းပါတယ်။ လူတွေတော့ ဒုက္ခရောက်တာပေါ့။ တခြား ကြီးကြီးမားမား ထိခိုက်ပျက်စီး တာတော့ မရှိပါဘူး။"လို့ ပြောပါတယ်။ မြစ်သာမြစ်ဝှမ်းတလျောက်က ဂန့်ဂေါ၊ ကလေး စတဲ့မြို့နယ်တွေက နေရာ တော်တော်များများ မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး  ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိပ်တော့ မသိရှိရသေးပါဘူး။
2 years Ago

May 10, 2017

ဂန့်ဂေါမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၅၀ ကျော် ပျက်စီး

ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာ၃ရွာမှာ မေလ ၉ ရက် ညနေပိုင်းက မိုးသက်လေပြင်းတွေ တိုက်ခတ်မှုကြောင့် လူနေအိမ် ၅၆ အိမ်လောက် အမိုးလန် ထိခိုက်ပျက်စီးသွားပြီး လမ်းဘေး သစ်ပင်တွေ လဲပြို၊ သစ်ကိုင်းကျိုးကျတာတွေကြောင့် ဒီနေ့အထိ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပါတယ်။ ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ဇဟောရွာက ၂၈ အိမ်၊ ကျွန်းဒတ်ရွာက ၁၆ အိမ်နဲ့  လာပို့ရွာက ၁၂ အိမ် အမိုး အကာတွေလန် ပျက်စီးသွားခဲ့ပြီး သက်ဆိုင်ရာက စာရင်းကောက်ယူထားပေမယ့်  အခုအချိန်အထိတော့ ကူညီထောက်ပံ့တာတွေ မပြုလုပ်သေး ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဇဟောရွာသား ကိုပေါ်လွင်ဦးက “ရွာတောင်ပိုင်းနေအိမ်တွေ တော်တော်ပျက်သွားတယ်။ တစ်ချို့အိမ်တွေဆို ခုမှဆောက်ပြီးကာစ လူတောင်မနေရသေးဘူး။ နေအိမ်လဲပြိုတာတွေတော့ မရှိပါဘူး။ အမိုးအကာတွေ လန်သွားတာလောက်ပါ။ ခုထိတော့ သက်ဆိုင်ရာက လာရောက် ကူညီထောက်ပံ့တာ ဘာမှမရှိသေးဘူး။ လောလောဆယ်တော့ ကြီးကြီးမားမား အခက်အခဲတော့ မရှိပါဘူး” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း ဂန့်ဂေါမြို့နယ်မှာ မိုးသက်လေပြင်းတိုက်ခတ်ခဲ့လို့ အိမ်ခြေ ၂၀၀ ကျော်ပျက်စီးခဲ့တာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ သဘာဝဘေးဒဏ်ရန်ပုံငွေထဲက ထောက်ပံ့တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က “လောလောဆယ် တော့ ဒီသဘာဝဘေးဒဏ်နဲ့ပတ်သက်ပြီး လွှတ်တော်မှာ တင်ဖို့မရှိသေးဘူး။ ဒါပေမယ့် မကြာခင် မှာ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး မိုးရာသီသစ်ပင်စိုက်တာတွေ ဘာတွေ လုပ်ဖို့ ရှိတယ်။ မနှစ်ကတောင် ဒီလောက်ဆိုးဆိုးဝါးဝါးမဖြစ်ခဲ့ဘူး။ ဒီနှစ်မှ ပိုပြီးဖြစ်လာတယ်။ ဒါတွေက သစ်တောပြုန်းတီးမှုရဲ့ အကျိုးဆက်တွေပဲ။ ဒီနှစ်အတွင်းမှာပဲ ဂန့်ဂေါမြို့နားက စိုင်ဒူးရွာ၊ အုံ့တုံးတောင်မှာ ဧက ၅၂၀၀ ကို ကြိုးဝိုင်းအဖြစ်သတ်မှတ်ခဲ့တယ်။ တတ်နိုင်သလောက်တော့ ရှိပြီးသားသစ်တောတွေကို ထိန်းသိမ်းဖို့ လုပ်ရမယ်။ ဒါတွေက ရေတိုရေရှည် စနစ်တကျ စီမံချက် ရေးဆွဲပြီး ဆောင်ရွက်ရမယ့် ကိစ္စပဲ”လို့ ဒီဗွီဘီကိုပြောပါတယ်။ ခုနောက်ပိုင်းမှာ ဂန့်ဂေါမြို့နယ်က အကြောင်းအမျိုးမျိုးကြောင့် သစ်တောတွေ ပြုန်းတီး လာနေတဲ့အတွက် စံချိန်တင်အပူချိန်တွေမြင့်တက်လာသလို သဘာဝဘေးဒဏ်တွေလည်း ပိုမိုခံစားလာနေရတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာလည်း မနေ့က လေပြင်းတွေ တိုက်ခတ်ခဲ့လို့   စာသင်ကျောင်းဆောင်နဲ့  လူနေအိမ်အချို့ အမိုးလန် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။
4 years Ago
Up