ဂန္ထဝင်မောင်တူး

October 19, 2021

သစ္စာခိုင်သူတို့ရဲ့ နှုတ်ထွက်စကားတခွန်း

‘တရားခွင်’ ဆိုပေမယ့် လူများများစားစားမရှိ။ ‘အကျဉ်းနည်းနဲ့ တရားစီရင်သလား။’ ‘လွတ်လပ်တဲ့တရားခွင်မှ ဟုတ်ပါလေစ’လို့ သံသယဖြစ်စရာပါပဲ။ တရားသူကြီး၊ ရှေ့ဖတ်စာရေးကြီး၊ တရားလို ၊ တရားလိုပြရှေ့နေ (အစိုးရရှေ့နေ) တရားပြိုင်နဲ့ တရားပြိုင်ရှေ့နေအချို့သာရှိတဲ့တရားခွင်တခု။ လူဆယ်ယောက်ပင်မပြည့်။ လူထုရှေ့မှောက်မှာ ပွင့်လင်းမြင်သာတဲ့ တရားခွင်လို့ ပြောလို့မရနိုင်တဲ့ ‘ခုံရုံးတော်ကြီး’ပေပဲ။

တရားသူကြီးရောက်ပြီဆိုတာနဲ့ ထုံးစံအတိုင်းတရားခွင်ကိုစတင်ဖွင့်လှစ်လိုက်ပြီ။ တရားသူကြီးရှေ့မှောက်မှာ တရားပြိုင်ကို အမေးအဖြေစတင်ပါပြီ။                                                                                                                     

မေး… အမည်- “ဦးဝင်းမြင့်။”

အဖအမည်-“ဦးထွန်းကြည်။”

အသက် -“၇၀။”

အလုပ်အကိုင်…. “နိုင်ငံတော်သမ္မတ။”

ဆိုတော့ တရားသူကြီးက မျက်နှာခပ်တင်းတင်းနဲ့ လှမ်းကြည့်တယ်။ ပြီးမှ…...

နေရပ်လိပ်စာ -  “အခုကျနော်ကို ဘယ်မှာထားမှန်မသိလို့ပါ။”

တရားသူကြီးက ခေတ္တတွေဝေသွားတယ်။ ပြီးမှမျက်နှာကို ချက်ချင်းပြင်လိုက်ပြီး …. 

ခင်ဗျားနေတဲ့နေရပ်လိပ်စာ…  "ကျနော်မှာအိမ်မှမရှိတာ။"

တရားသူကြီးကြီးမျက်နှာဟာ အံ့ဩထိုင်းမှိုင်းသွားဟန် ပါပဲ။ ဟထားတဲ့ပါးစပ်က တော်တော်နဲ့ပြန်မစေ့နိုင်ပဲဖြစ်နေတယ်။ နောက်တော့ မျက်မှောင်တချက်ကျုံ့လိုက်ပြီး တရားသူကြီးက.. “သမ္မတအိမ်တော်လို့ထည့်လိုက်ကွာ”…. တဲ့။  အနာဂတ်အတွက် နိမိတ်ဖတ်လိုက်သလိုပါပဲ။

တရားခွင်အတွင်းရှိလူအားလုံး ‘လိပ်ပြာတကောင်တောင်ဟုန်ခတ်သံ’ ပင်ကြားရလောက်အောင် တိတ်ဆိတ် သွားတယ်။  တယောက်သက်ပြင်းချသံကို တယောက်ကြားရလောက်အောင် ဆိတ်ငြိမ်လို့။ စာနာမှု၊ စိတ်မကောင်းမှု၊ ဝမ်းနည်းမှု၊ အံ့အားသင့်မှုတွေနဲ့။ တရားသူကြီး၊ ရှေ့ဖတ်စာရေးကြီး၊ တရားလို ၊တရားပြိုင်ရှေ့နေတွေ အားလုံးဟာ တဒင်္ဂဆွံ့အသွားကြသလိုပါပဲ။ ‘တဖျတ်ဖျတ်’ရိုက်ပြီး မှတ်တမ်းတင်နေတဲ့တိုးညှင်းတဲ့ ကွန်ပြူတာရိုက်တဲ့အသံ ကိုတောင်ကြားနေရတယ်။ ရှေ့ဖတ်စာရေးစိတ်ထဲမှာတော့ “သူ့လိုလူတောင် အိမ်ပိုင်ရာပိုင်ရှိနေသေးတာပဲ သမ္မတ တယောက်က အိမ်ပိုင်မရှိတာကိုဘဲ ထူးဆန်းတဲ့သတ္တဝါတကောင် မြင်တွေ့လိုက်ရသလို’ စာရိုက်တာကိုခနရပ်ပြီး တအံ့တဩ ငေးကြည့်နေတယ်။

တဒင်္ဂဆွံ့အ၊ တိတ်ဆိတ်ခြင်းကိုတော့ တရားသူကြီးရဲ့ “ ကဲကိုယ်တိုင် သက်သေခံချက်စတင်နိုင်ပါပြီ” ဆိုတဲ့စကားနဲ့ပဲ ဖြိုခွဲလိုက်တယ်။ ဖေဖေါ်ဝါရီ ၁ ရက်နေ့  စစ်တပ်ရဲ့ အာဏာသိမ်းပုံအကြောင်းကို သမ္မတကြီးဦးဝင်းမြင့်က အစအဆုံးဇာတ်လမ်းတပုဒ်ပြောပြသလို ထွက်ဆိုသွားခဲ့တယ်။ စစ်ကောင်စီရဲ့ တရားခွင်ခုံရုံးဟာ အခုမှပြန်လည်အသက်ဝင်လာတော့တယ်။ အားလုံးကတော့ သမ္မတကြီးဦးဝင်းမြင့်ရဲ့ ထွက်ဆိုချက်တွေအပေါ်မှာ အာရုံစိုက်နားစွင့် နေကြဟန်ပါပဲ။ မျက်လုံးအစုံစုံကတော့ သမ္မတကြီးဆီမှာပဲ စူးစိုက်နေတယ်။

သမ္မတကြီးဦးဝင်းမြင့်ကတော့ သူ့အပေါ်စွဲချက်တင်တာတွေနဲ့ပတ်သက်ပြီး ဖြစ်စဉ်တခုချင်းကို ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ်နဲ့ လျှောက်လဲချက်ပေးထွက်ဆိုသွားခဲ့တယ်။ မနက်ဝေလီဝေလင်းမှာ တခါးခေါက်သံကြားလို့ ဖွင့်ကြည့်တော့ စစ်သားတွေ သမ္မတအိမ်တော်ဝင်းထဲ ပြည့်နက်နေပုံ။ မနက် ၅ နာရီလောက်မှာရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်ရာနောက်လိုက်ပါခဲ့ပုံ။ သမ္မတရုံးမှာ ဗိုလ်ချုပ်ကြီးနှစ်ယောက်နဲ့ တွေ့ပြီးပြောဆိုကြပုံတွေကိုလည်း ကြားနာသူစိတ်မျက်စေ့မှာ ထင်မြင်လာအောင် ပြောသွားခဲ့တယ်။

ဗိုလ်ချုပ်ကြီးတယောက်က “သူ့ကို ကျန်းမာရေးအကြောင်းပြပြီး နုတ်ထွက်ပေးဖို့” ပြောတော့ သမ္မတကြီးက “ကျန်းမာရေးကောင်းတဲ့အတွက်နုတ်ထွက်မပေးနိုင်ကြောင်း”။  ဒီတော့ ဗိုလ်ချုပ်ကြီးတယောက်က “နုတ်ထွက်မပေးရင်ပုဂ္ဂိုလ်ရေးထိခိုက်နိုင်တယ် ပြန်စဉ်းစားပါ”လို့ပြောသတဲ့။ သမ္မတကြီးကလည်း “နုတ်ထွက်မပေးနိုင်ဘူး။ အသေပဲခံလိုက်မယ်။ ခင်ဗျားတို့ဥပဒေနဲ့ အညီလုပ်သင့်တယ်။ အာဏာလည်းမသိမ်းသင့်ကြောင်း”ပြန်ပြောလိုက် တဲ့စကားအဆုံးမှာတော့ တရားသူကြီးဟာ ‘ဇဝေဇဝါ’အကြည့်နဲ့ မျက်ခုံအစုံကို ပင့်လို့တချက် လှမ်းကြည့်လိုက်တယ်။ သူ့အကြည့်ထဲမှာတော့ “ဒီအဖြေတွေဟာ ကိုယ့်လည်ပင်းကို စွပ်မယ့်ကြိုးကွင်းကို တချက်တည်း ‘တိကနဲ’ ဖြတ်တောက်လိုက်တဲ့အချက်ပဲ”ဆိုတာကို သိနေဟန်ပါပဲ။

(၁၂.၁၀.၂၁)နေ့က တရားခွင်အပြီးမှာထွက်ပေါ်လာတဲ့ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ရဲ့ ကိုယ်တိုင်သက်သေခံချက်စကားတခွန်းကတော့ မြန်မာမီဒီယာများသာမက ကမ္ဘာ့မီဒီယာများအထိပျံ့နှံ့ရောက်ရှိသွားခဲ့တယ်။ ကမ္ဘာကြီးတခုလုံး အံ့အားသင့်သွားစေခဲ့တယ်။ ဖုံးထားတဲ့ လျှို့ဝှက်အရာတခုကို ဖွင့်ပြလိုက်သလိုပါပဲ။ မြန်မာစစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုဟာလည်း ဘွားဘွားကြီးပွင့်ထွက်လာပါတော့တယ်။

တရားခွင်ဟာ တိုတောင်းတဲ့အချိန်တခုအတွင်းပြီးဆုံးသွားခဲ့ပေမယ့် သမ္မတကြီးရဲ့ ကိုယ်တိုင်သက်သေခံထွက်ဆိုချက်ကတော့ ကမ္ဘာပတ်လို့မပြီးဆုံးနိုင်အောင်ရှိနေခဲ့တယ်။ စဉ်းစားစရာတွေ၊ သင်္ခန်းစာယူစရာတွေ၊ စိတ်ဓာတ် ပိုင်းဆိုင်ရာအလေးထားစရာတွေ၊ ဆုံးဖြတ်ချက်ခိုင်မာရပုံတွေကအစ နှောင်းလူငယ်တွေကို နိုင်ငံရေးခေါင်းဆောင် ဆိုတာ ပြတ်သားရဲရတယ်’ဆိုတဲ့အသိကို သင်ကြားပေးနေသလိုပါပဲ။ မဲဆန္ဒရှင်တွေကတော့ “မဲပေးလိုက်ရတာ တန်ဖိုးရှိလိုက်တာ”ဆိုတဲ့ ခံစားမှုအပြည့်နဲ့ ပီတိဖြစ်နေတဲ့ အသံတွေကလည်း လူမှုကွန်ယက်မီဒီယာတွေမှာ ပျံ့နှံ့ လို့နေတော့တယ်။

သမ္မတကြီးရဲ့သက်သေခံချက်တွေက ‘ဘာတွေကိုပေးခဲ့သလဲ။ ဘာတွေခံစားမိသလဲ’ဆိုတဲ့အချက်ကို လူမှုကွန်ယက်မှာပြောဆိုကြတာတွေကတော့ စုံလို့ပါပဲ။ အများစုကတော့ “စစ်တပ်ဟာ မဲကိစ္စကိုအကြောင်းပြပြီး အာဏာသိမ်းတယ်ဆိုတဲ့အကြောင်းပြချက်ဟာ သမ္မတကြီးရဲ့ ကိုယ်တိုင်သက်သေခံချက်က ချေဖျက်ပြီးဖြစ်တယ်”လို့ဆို ကြတာလည်းရှိပါတယ်။ တချို့ကတော့ “ဥပဒေကြောင်းအရကြည့်ရင် စစ်အုပ်စုရဲ့ အာဏာသိမ်းမှုဟာ ရာဇဝတ်မှု မြောက်စေတယ်”လို့ဆိုကြပါတယ်။

ဒါအပြင် သမ္မတကြီးကိုစွပ်စွဲပြစ်တင်တဲ့  ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ပြစ်မှုနဲ့ ပတ်သက်ရင် သမ္မတကြီးရဲ့ထွက်ဆိုချက်တွေအရ ပြစ်မှုမမြောက်တာကို တွေ့ရတယ်”လို့ ဆိုကြတာတွေလည်းရှိပါတယ်။

အဲ့ဒီအထဲမှာ ထူးခြားတဲ့ကြေညာချက်တခု ထွက်ပေါ်လာခဲ့တယ်။ ‘ပြည်သူ့စစ်သားအဖွဲ့’လို့ အမည်ရတဲ့ အာဏာသိမ်းစစ်အုပ်စုဘက်ကနေ ပြည်သူ့ဘက်ကို ကူးပြောင်းလာတဲ့ စစ်တပ်အရာရှိကြီးတွေရဲ့အဖွဲ့ပါ။ အဲ့ဒီအဖွဲ့ရဲ့ကြေညာချက်မှာတော့ “နိုင်ငံတော်သစ္စာဖေါက်မှုများကို ကျူးလွန်ခဲ့သောကြောင့် မင်းအောင်လှိုင်နဲ့ထိပ်တန်းစစ်အရာရှိများကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း မြန်မာစစ်သားများနှင့် အရာရှိအားလုံးကိုယ်စား မိမိတို့မှကြေညာသည်”လို့ ထုတ်ပြန်ထားတာလည်းတွေ့ရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဦးဝင်းမြင့်ရဲ့ထွက်ဆိုချက်တွေဟာ တိုတိုကျဉ်းကျဉ်းနဲ့ လိုရင်းကိုထိထိရောက်ရောက်ထွက်ဆိုသွားနိုင်ခဲ့တာကိုတွေ့ရတယ်။ သမ္မတကြီးတယောက်ရဲ့ “အခုကျနော်ကိုဘယ်မှာထားမှန်းမသိတာ”ဆိုတဲ့အဖြေကလည်း လျှို့ဝှက်ချုပ်နှောင်ထားကြောင်း ကမ္ဘာကိုချပြလိုက်သလို “ကျနော်မှာအိမ်မှမရှိတာ”ဆိုတဲ့ ပိုင်ဆိုင်မှုဆိုင်ရာအရှိတရားကလည်း အဂတိကင်းစင်ခြင်းကို ဖေါ်ပြလိုက်တာပါပဲ။

သမ္မတကြီးရဲ့ “ခင်ဗျာတို့ ဥပဒေနဲ့အညီလုပ်သင့်တယ်။”ဆိုတဲ့စကားကလည်း သမ္မတတယောက်ရဲ့ ဥပဒေအပေါ်အလေးထားပုံကို ပေါ်လွင်စေသလို စစ်တပ်ရဲ့အာဏာသိမ်းခြင်းဟာလည်း ဥပဒေနဲ့မညီဘူး’ဆိုတာကိုလည်း ထင်ရှားသွားစေခဲ့ပါတယ်။ တဆက်တည်း “အာဏာလည်း မသိမ်းသင့်ကြောင်း”ပြောလိုက်သေးတယ်။ အဲ့ဒီစကားကြောင့်လည်း စစ်တပ်ကဥပဒေမဲ့ အာဏာကို အာသာငမ်းငမ်းမက်မက်မောမောလုပ်ဆောင်ပြီး နိုင်ငံတော်ပုန်ကန်မှုမြောက်သွားစေခဲ့တာကိုလည်း ညွှန်းဆိုရာရောက်ခဲ့တယ်။

အဆုံးမှာတော့ “မင်းတို့လုပ်ချင်ရာလုပ် အသေခံလိုက်မယ်”ဆိုတဲ့စကားတခွန်းကတော့ သမိုင်း မှတ်တမ်းတခုအဖြစ် တင်ကျန်ရစ်ခဲ့တော့မှာပါ။ အဲ့ဒီစကားတခွန်းအရ “နိုင်ငံရေးခေါင်းဆောင်ဆိုတာ နိုင်ငံကို ရှင်ခြင်းနဲ့လည်း ချစ်တတ်ရသလို သေခြင်းနဲ့လည်း ချစ်တတ်ရတယ်” ဆိုတဲ့ အသိကိုမွေးဖွားပေးလိုက်သလိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တိုင်အလောင်ကျွမ်းခံပြီး နိုင်ငံတော်အတွက် အလင်းပြသစ္စာခိုင်မြဲသွားခြင်းကိုတော့ သတိတရမှတ်တမ်းတင် မော်ကွန်းထိုးလိုက်ရပါတော့တယ်။

ဂန္ထဝင်မောင်တူး  

6 days Ago

October 7, 2021

အနာနဲ့ ဆေးတည့်အောင်ပေးဖို့လိုတယ်

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာအရေးနဲ့ပတ်သက်ရင် အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂတို့ စိတ်ဝင်တစားဖြေရှင်းနေကြတာကို ကျေးဇူးတင်ကြရမှာပါ။ ဒါပေမဲ့ သူတို့ဖြေရှင်းချက်တွေဟာ ‘အနာနဲ့ဆေး’ တည့်အောင် ပေးနိုင်စွမ်းရှိတဲ့ ဖြေရှင်းမှုတော့မဟုတ်ခဲ့ဘူး။ ဒါကြောင့်လည်း မြန်မာ့အရေးဟာ အခုချိန်မှာတော့ ‘အပ်’ နဲ့ ထွင်းလို့မရတော့ပဲ ‘ပုဆိန်’နဲ့ ပေါက်ရမယ့်အဆင့်ကို ရောက်သွားခဲ့ပါပြီ။ မြန်မာပြည်သူတွေအနေနဲ့ကတော့ နေ့စဉ်နဲ့အမျှ စိတ်မချမ်းမြေ့စရာ အနိဋ္ဌာရုံတွေပဲ ကြုံတွေ့နေကြရပါတော့တယ်။

ဒီလိုပြောလို့ ‘ကိုယ့်အားကိုယ်မကိုးဘဲ တိုင်တပါးအားကိုးလိုစိတ်’နဲ့ ပြောတယ်လို့ မထင်လေနဲ့။ ဒါအပြင် ၂၁ ရာစုရဲ့ ပြောင်းလဲလာတဲ့ World Order ကို မလေ့လာဘဲပြောတာမဟုတ်။ World Order ဆိုတာလည်း ဆယ်စုနှစ်တခုမှာ အပြောင်းအလဲတွေ များစွာဖြစ်ခဲ့ကြတာပဲမဟုတ်လား။ ဒီနေ့ကမ္ဘာဟာ အချိန်နဲ့အမျှ အပြောင်းအလဲများစွာဖြစ်ပေါ်နေခဲ့ကြတာ။ တရားသေချမှတ်ထားတဲ့ မူဝါဒတွေက လောကရဲ့ ပြောင်းလဲမှုဖြစ်စဉ်ကို လိုက်မမီနိုင်ကြဟန်ပါပဲ။ ဒီအခြေနေတွေကို မြင်သိခံစားမိတဲ့ လက်တီနိုင်ငံသမ္မတ Egils Levits က… 

“ကုလသမဂ္ဂစတည်ထောင်ချိန်ကနေ အခုထိ ကမ္ဘာလူသားမျိုးဆက်တွေ ပြောင်လဲခဲ့သလို အခင်းအကျင်းတွေလည်း ပြောင်းလဲလာတယ်။ အခုမျိုးဆက်သစ်တွေအတွက်ဆိုရင် လက်ရှိကုလသမဂ္ဂ အထူးသဖြင့် လုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်သင့်နေပါပြီ။ လုံခြုံရေးကောင်စီဟာ ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကို လွှမ်းခြုံကိုယ်စားပြုဖို့ လိုနေပြီ။” လို့ ၇၆ ကြိမ်မြောက် ကုလညီလာခံမှာ မိန့်ခွန်းပြောခဲ့တာပါ။  

အဲ့ဒီအဖြစ်တွေကို မြင်တွေ့လိုက်ရတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာစစ်တပ်ကအာဏာသိမ်းခဲ့တဲ့ဖြစ်စဉ်ကို ပြေးမြင်လာတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို ရန်သူသဖွယ် ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းမှုတွေ လုပ်လာခဲ့တယ်။ ကျည်ဆန်အစစ်တွေနဲ့ ဦးခေါင်းတည့်တည့် ပစ်ခတ်သည်အထိရက်စက်လာတယ်။ တနေရာသာမဟုတ်  မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေအထိ ပစ်ခတ်သတ်ဖြတ်နှိမ်နင်းလာတယ်။ အဲ့ဒီအချိန်မှာပဲ တက္ကသိုလ်ကျောင်းသားတဦးက မြန်မာနိုင်ငံ ကုလသမဂ္ဂရုံးရှေ့မှာ ဆိုင်းဘုတ်ကိုင်ပြီး …

     “How many dead bodies UN need to take action?” လို့မေးခွန်ထုတ်ခဲ့တယ်။ အဲ့ဒီအချိန်အထိ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေ ၂၀၀ ကျော်သေဆုံးခဲ့ပြီးပါပြီ။ နောက်ထပ်ဘယ်လောက်သေပေးကြရဦးမှာလဲ။ ‘ဘယ်လောက်သေပေးမှ ‘UN’ ရဲ့ အရေးယူမှုတွေ လုပ်ဆောင်မှာလဲ’ ဆိုတဲ့အမေးဟာ မြန်မာပြည်တွေအားလုံးစိတ်ထဲမှာ မေးခွန်းထုတ်ခဲ့ကြတယ်။ 

အဲ့ဒီအချိန်ကသာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကုလတို့က ထိထိရောက်လုပ်ဆောင်လာခဲ့မယ်ဆိုရင် မြန်မာ့အခြေနေဟာ အခုလောက်ထိ ဆိုးမှာမဟုတ်ဘူး။ ပြည်တွင်းစစ်ဆီကို ဦးတည်ခဲ့မယ်မထင်ဘူး။ အခုတော့ မြန်မာ နိုင်ငံအခြေနေဟာ ‘ပုဆိန်နဲ့ပေါက်ရမယ့်အခြေနေကို ကျော်လာရုံမက ‘အမြောက်နဲ့ပစ်ရမယ့်အခြေနေအထိ ရောက် သွားခဲ့ပြီ။ ကမ္ဘာနိုင်ငံအချို့နဲ့ကုလအဖွဲ့အစည်းအချို့က ဒီအချက်ပေါ်မှာထောက်ပြဝေဖန်ခဲ့ကြတယ်။

၇၆ ကြိမ်မြောက် ကုလညီလာခံမှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အချက်ကို ထောက်ပြဝေဖန်ခဲ့ကြတယ်။ ဝေဖန်သံတွေဟာ ဆူညံလာတယ်။ အထူးသဖြင့် ကုလလုံခြုံရေးကောင်စီအပေါ်မှာ ဝေဖန်ပြောဆိုမှုတွေများလာတယ်။ အခုလို ကုလသမဂ္ဂရဲ့ အရေးယူမှုတွေ နှောင့်နှေးတာဟာ ကုလလုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာကြောင့်လို့ ဝေဖန် လာကြတယ်။ လစ်သူရေးနီယာသမ္မတကလည်း ဒီအချက်ကို ထောက်ပြပြောဆိုလာတယ်။ 

သူက “ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားပြီး အားပြိုင်မှုတွေကြောင့် ချက်ချင်းဆုံးဖြတ်ချက်တွေ မချနိုင်ကြတဲ့ အကျိုးဆက်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ သတ်ဖြတ်မှုတွေကို ပိုအားပေးသလိုဖြစ်နေတယ်။ ရာဇဝတ်မှုတွေ၊ လူမဆန်တဲ့ဖိနှိပ်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ပတ်သက်လာရင် လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာသုံးခွင့်ကို ကန့်သတ်ဖို့လိုပါတယ်” လို့ ဝေဖန်တင်ပြခဲ့ပါတယ်။ 

အဲ့လိုဝေဖန်ချက်တွေကြောင့် World Order  ပြောင်လဲလာနိုင်သလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အစဟာ ပထမကမ္ဘာစစ်အပြီး ၁၉၂၀ မှာ နိုင်ငံပေါင်းချုပ်အသင်းကြီး (League 0f Nations) ကို စတင်ဖွဲ့စည်းချိန်ကစတာပဲ။ အဲ့ဒီတုန်းကတော့ ကမ္ဘာနိုင်ငံတွေကို ချိန်ညှိဖို့ အင်္ဂလိပ်၊ ပြင်သစ်နဲ့ ရုရှားတို့လို အင်အားကြီး နိုင်ငံတွေရှိခဲ့သလို တဖက်ကလည်း ဝင်ရိုးတန်းနိုင်ငံတွေလို့ ခေါ်ခဲ့ကြတဲ့ ဂျာမဏီ၊ ဂျပန်နဲ့ အီတလီနိုင်ငံ တွေရှိနေခဲ့တယ်။

ချိန်ညှိတယ်ဆိုပေမယ့် နိုင်ငံပေါင်းချုပ်အသင်းကြီးမှာတော့ “လုံခြုံရေးကောင်စီ” ရယ်လို့မရှိခဲ့ပါဘူး။ ခေတ်ကာလကလည်း နယ်ချဲ့စနစ်တွင်ကျယ်နေတဲ့အချိန်။ အထွဋ်အထိပ်ရောက်ချိန်ကိုး။ စစ်နိုင်တဲ့နိုင်ငံတွေ ပါဝင်ခဲ့ကြတော့ အကျိုးစီးပွားအရဝေစုခွဲရာမှာ မညီမျှခဲ့ဘူး။ စစ်ရှုံးနိုင်ငံဖြစ်တဲ့ ဂျာမဏီကလည်း သူ့နယ်တွေကို ဖရဲသီးစိတ်သလို ခွဲဝေယူတဲ့အပေါ်မှာ မကျေနပ်ခဲ့ဘူး။ 

ဒီတော့ အကျိုးစီးပွားနည်းတဲ့ အီတလီနဲ့ဂျပန်ကလည်း နိုင်ငံပေါင်းချုပ်အသင်းအပေါ်မှာ အာခံလာသလို ဖရဲသီးစိတ်သလို ခွဲခြမ်းခြင်းခံရတဲ့ ဂျာမဏီကလည်း ဆန့်ကျင်လာရာက ဒုတိယကမ္ဘာစစ်ဖြစ်လာခဲ့တော့တာပါပဲ။ ဒုတိယကမ္ဘာစစ်နဲ့အတူ ပထမအကြိမ်တည်ဆောက်ခဲ့တဲ့ World Order လည်း ပျက်သုဉ်းသွားခဲ့ပါတော့တယ်။ ပထမအကြိမ်တည်ဆောက်ခဲ့တဲ့ ကမ္ဘာအခင်းအကျင်းဖြစ်တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးနေရာမှာ နယ်ချဲ့စနစ်ရဲ့အမြင့်ဆုံးဖြစ်တဲ့ ဖက်ဆစ်အခင်းအကျင်းအစားထိုးဖို့ ပြင်ဆင်ခဲ့တဲ့ ဂျပန်၊ အီတလီနဲ့ ဂျာမန်တို့ဟာလည်း ဒုတိယကမ္ဘာစစ်မှာ အရှုံးကြီးရှုံးခဲ့တယ်။

အဲ့ဒီမှာပဲ ကမ္ဘာကုလသမဂ္ဂဟာ ကမ္ဘာအခင်းကျင်းသစ်တခုဖြစ်လာခဲ့တော့တယ်။ ပထမအကြိမ် ကမ္ဘာအခင်းကျင်းတုန်းက နိုင်ငံတွေထိန်းညှိဖို့ လိုအပ်ချက်ရှိခဲ့တာကြောင့် ဒုတိယအကြိမ်အခင်းကျင်းမှာတော့ ‘ကုလလုံခြုံရေး ကောင်စီ’ကို ထည့်သွင်းပြီး ဗီတိုအာဏာကိုပါ သတ်မှတ်ထည့်သွင်းရေးဆွဲခဲ့ကြတယ်။ ရေးဆွဲစဉ်ကတော့ ကမ္ဘာစစ်ကို ရှောင်နိုင်ဖို့အတွက် စဉ်းစားခဲ့ကြတာပါပဲ။

ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှ ကုလလုံခြုံရေးကောင်စီရဲ့ “ဗီတိုကျင့်သုံးခွင့်အာဏာ” ဟာ နိုင်ငံငယ်လေးတွေအရေးကိစ္စမှာ ရောင်းကုန်တခုလိုဖြစ်လာတယ်။ ကမ္ဘာစစ်ကိုရှောင်နိုင်ပေမယ့် လက်နက်နဲ့ အနိုင်ကျင့်ခြင်းခံနေရတဲ့ တိုင်းနိုင်ငံတွေအတွက် အကာကွယ်မပေးနိုင်ခဲ့တာကို တွေ့လာရတယ်။ အနိုင်ကျင့်ခံရတဲ့ လူထုက လက်နက်ကိုင်တော်လှန်ကြရင်း ပြည်တွင်းစစ်ဆီကို ဦးတည်ခဲ့ကြတယ်။ ပြည်တွင်းစစ်ကို အကြောင်းပြုပြီး လက်နက်အရောင်းအဝယ်လုပ်ဖို့အတွက် အခွင့်သာလာကြတယ်။ ဒါကြောင့် ကုလလုံခြုံရေးကောင်စီရဲ့ ဗီတိုကျင့်သုံးခွင့် အာဏာဟာ နိုင်ငံငယ်လေးတွေကို ရောင်းကုန်တခုလိုကျင့်သုံးလာတယ်လို့ စွပ်စွဲစရာဖြစ်လာခဲ့ပါတော့တယ်။ 

     ဒီလိုနဲ့ ၂၁ ရာစုထဲရောက်တော့ ကမ္ဘာအခင်းအကျင်းသစ်တွေဖြစ်လာခဲ့တယ်။ ၂၁ ရာစုထဲမဝင်မီ ၁၉၉၀ ခုနှစ်ကတည်းက ကမ္ဘာအခင်းအကျင်းသစ်တခုဖြစ်ဖို့ အမေရိကန်က ဆော်ဩနေပြီ။ ဒါကလည်း သူ့အကျိုးစီးပွားအတွက်ပါပဲ။ ပထမကမ္ဘာစစ်အပြီး နိုင်ငံပေါင်းချုပ်အသင်းကြီးဖွဲ့ဖို့ ဆော်ဩခဲ့တာလည်း အမေရိကန်ပါပဲ။ ကမ္ဘာအခင်းကျင်းသစ်ဆီကို ဦးတည်နေပြီလားဆိုတာကိုတော့ ပြောဖို့ခက်ပါလိမ့်မယ်။ အကုန်မဟုတ်တောင် ကုလလုံခြုံရေးကောင်စီရဲ့ ဗီတိုကျင့်သုံးခွင့်အာဏာအပေါ်မှာတော့ နိုင်ငံငယ်အတော်များများ စိတ်ပျက်လာနေတာကိုတော့ မြင်တွေ့နေရပါတယ်။      

မြန်မာနိုင်ငံအခြေနေကိုကြည့်ရင် လူသားမျိုးနွယ်ပေါ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ ဒီနေ့အထိ လွတ်ငြိမ်းချမ်းသားခွင့်ရနေဆဲဖြစ်တယ်။ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး၊ ရိုက်နှက်၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်ခဲ့တယ်။ အမျိုးသမီးထုအပေါ် အဓမ္မပြုကျင့်ခဲ့တယ်။ ငြိမ်းချမ်းစွာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့နေအိမ်တွေ၊ ရိက္ခာတွေလည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့တယ်။ ကုလနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက ပြစ်တင်ရှုတ်ချသတိပေးခဲ့ပေမယ့် မြန်မာစစ်တပ်ကတော့ ကျူးလွန်မြဲ ကျူးလွန်နေကြဆဲဖြစ်တယ်။ ကုလရဲ့ အရေးယူလုပ်ဆောင်ဖို့ ဆိုတာကလည်း လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာဟာ အဟန့်အတားတခုဖြစ်နေခဲ့ပါတယ်။

တကယ်တော့ ၂၁ ရာစုတစိတ်နီပါး ရှိလာချိန်အထိ ကမ္ဘာကြီးဟာ ဖျားနာနေတဲ့ နာတာရှည်ရောဂါသည်ကြီး ဖြစ်နေဆဲပါ။ လက်နက်အင်အား သာလွန်သူတွေရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လက်နက်မဲ့ပြည်သူတွေအပေါ် လူမဆန်အောင် အနိုင်ကျင့်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့ နာတာရှည်ရောဂါသည်ကြီးတခုလိုပါပဲ။ အဲ့ဒီနာတာရှည်ရော ဂါသည်ကြီးအတွက် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံကြီးက ကုစားပေးနိုင်လေမလား။ ကုစားရာမှာလည်း “အနာနဲ့ဆေးတည့်အောင်ပေး” မှ ပေးနိုင်ပါလေစ’ ဆိုတာကိုတော့ သံသယနဲ့စောင့်ကြည့်ရုံမှတပါး အခြားမရှိတော့ပြီပဲ။

ဂန္ထဝင်မောင်တူး    

3 weeks Ago
Up