ဂန္တဝင်နည်းပြ

July 3, 2020

ဒဲဂလစ်ရှ်၊ ရှန်ကလေတို့လို ဂန္တဝင်နည်းပြတွေနဲ့ ဘယ်တော့မှနှိုင်းယှဉ်မှာမဟုတ်ပါဘူး - ကလော့

အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် စတဲ့ဆုဖလားတွေ ရရှိထားပေမယ့် ကင်နီဒဲဂလစ်ရှ်၊ ဘီရှန်ကလေတို့လို ဂန္တဝင်နည်းပြကြီးတွေနဲ့ သူ့ကိုယ်သူနှိုင်းယှဉ်မှာ မဟုတ်ဘူးလို့ လီဗာပူးနည်းပြ ယာဂန်ကလော့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။  ကလော့ရဲ့ လီဗာပူးလ်အသင်းဟာ နှစ် ၃၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့  ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြီးခဲ့တဲ့သီတင်းပတ်မှာရရှိဖို့ သေချာခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကိုတော့ မနှစ်က  ဆွတ်ခူးနိုင်ခဲ့ပါတယ်။  ဒါ့ကြောင့် ကလော့ပ်ဟာဘော့ပရပ်စလေ၊ ဂျိုးဖာဂန် စတဲ့နည်းပြတွေနဲ့အတူ လီဗာပူးအသင်းသမိုင်းတလျှောက် ဒီဖလားကိုဆွတ်ခူးနိုင်ခဲ့တဲ့ တတိယမြောက်နည်းပြဖြစ်လာခဲ့ပြီပဲဖြစ်ပါတယ်။  ဒါဟာ ဘုရင်ကြီးလို့ တင်စားခံခဲ့ရတဲ့ ကင်နီဒဲဂလစ်ရှ်၊ ဘီရှန်ကလေ စတဲ့ ဂန္တဝင်နည်းပြကြီးတွေတောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ မှတ်တမ်းလည်းဖြစ်ပါတယ်။  သူ့ကို ဒီလိုမျိုးအသင်းရဲ့အစဉ်အလာကြီးမားတဲ့ နည်းပြကြီးတွေ နဲ့ နှိုင်းယှဉ်တာမျိုးကို စိတ်မဝင်စားဘူးလို့ ကလော့က ပြောပါတယ်။  “ကျနော့်ကိုယ်ကျနော် သူတို့နဲ့ဘယ်တော့မှ  နှိုင်းယှဉ်မှာမဟုတ်ပါဘူး။ တကယ်တော့ သူတို့လို ဂန္တဝင်ကြီးတွေနဲ့ ဘယ်သူကိုမှလည်း မနှိုင်းယှဉ်သင့်ပါဘူး။ အသင်းတသင်းကို တည်ဆောက်၊ မောင်းနှင်တာနဲ့ပတ်သက်လို့ အချိန်တွေ ကွာခြားသွားခဲ့ပါပြီ။ ဒါဟာကြီးမားတဲ့  အောင်မြင်မှုဆိုတာ ကျနော်သိပါတယ်။ ဒီလိုအောင်မြင်မှုမျိုးအတွက် အသင်းနဲ့ သက်ဆိုင်တဲ့သူတွေ ဘယ်လောက်ထိ ကြိုးစားလုပ်ဆောင်ခဲ့ရလဲဆိုတာကိုလည်း ကျနော် သိပါတယ်။ ဒါဟာ လုံးဝကိုမလွယ်ကူခဲ့ပါဘူး။ ဒီလိုခက်ခဲမှုတွေကြောင့်လဲ ရရှိခဲ့တဲ့အောင်မြင်မှုတွေဟာ ပိုပြီးတော့ ထိုက်တန်မှု၊ တန်ဖိုးကြီးမားမှုနဲ့ ခံစားမှုတွေပိုကောင်းနေခဲ့တာဖြစ်ပါတယ်။” ကလော့နည်းတူပဲ လီဗာပူးလ်အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်ဟာလည်း အမ်လင်ဟု၊ ဖီးလ်သွမ် ပဆင်၊ ဂရေမီဆောင်းနက်စ်တို့နဲ့အတူ အသင်းအတွက် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ခေါင်း ဆောင်တွေအဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်။ ဟန်ဒါဆန်ဟာ လီဗာပူးအသင်းခေါင်းဆောင် ရာထူးကို စတီဗင်ဂျရတ်ထံကနေ ၂၀၁၅ ခုနှစ်မှာ လွှဲပြောင်းရယူခဲ့သူဖြစ်ပြီး အစပိုင်းက သူ့ကိုဝေဖန်ခဲ့သူ တွေ မှားယွင်းကြောင်းကို ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ထူးရှယ်ခြေစွမ်းနဲ့ သက်သေပြခဲ့သူလည်း ဖြစ်ပါတယ်။ 
10 months Ago
Up