ဂန့်ဂေါမြို့နယ်

A d v e r t i s e m e n t With Us

May 31, 2020

ဂန့်ဂေါမြို့နယ်အတွင်း သောက်သုံးရေ ခက်ခဲနေသည့် ကျေးရွာများကို ရေလှူဒါန်းပေးနေ

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းက သောက်သုံးရေရှားပါး ခက်ခဲနေတဲ့ ကျေးရွာတွေကို မြို့နယ် NLD ပါတီက ဦးဆောင်ကာ မြို့နယ်ဌာနဆိုင်ရာတွေ၊ အလှူရှင်တွေက သွားရောက်လှူဒါန်းတာတွေကို ပြုလုပ်နေပါတယ်။  ပူပြင်းခြောက်သွေ့တဲ့ကာလမှာ မြေအောက်ရေခန်းခြောက်ပြီး ရေတွင်းတွေ ရေမထွက်တော့တဲ့အတွက် ကျေးရွာ ၆ ရွာမှာ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရတာပါ။ မြို့နယ်ပါတီ သတင်းပြန်ကြားရေးတာဝန်ခံ ကိုသန်းဝင်းနိုင်က "မနှစ်ကနဲ့ စာရင်တော့ ရေအခက်အခဲဖြစ်တဲ့ရွာ နည်းသွားတယ်။ ဒီနှစ်က မိုးဦးနည်းနည်းစောတဲ့အတွက်။ ဒါပေမယ့် စိမ့်စမ်းရေသွယ်ရတဲ့ကျေးရွာတွေ၊ ရေတွင်းတူးဖို့ ခက်ခဲတဲ့ ကျေးရွာတွေကတော့ ရေအခက်အခဲ ရှိနေတုန်းပဲ။ ရေခက်ခဲတဲ့ ကျေးရွာတွေက ဆက်သွယ်လာရင်၊ သတင်းကြားရင် သွားပြီးတော့ သောက်သုံးရေ လှူဒါန်းပေးနေပါတယ်။ ဒေသခံကိုယ်စားလှယ်အပါအဝင်၊ ကျေးလက်၊ စည်ပင်၊ မီးသတ်တို့ကလည်း လိုက်ပါကူညီဆောင်ရွက်ပေးကြပါတယ်" လို့ ပြောပါတယ်။ ဂန့်ဂေါမြို့နယ်မှာ ကျေးရွာပေါင်း ၁၀၇ ရွာရှိပြီး မနှစ်က ၁၀ ရွာလောက် သောက်သုံးရေ အခက်အခဲကြုံခဲ့ရတာပါ။  ဒီနှစ်မှာတော့ မိုးကျစောတဲ့အတွက် ကျေးရွာ ၆ ရွာလောက်သာ ရေအခက်အခဲကြုံနေတာလည်း ဖြစ်ပါတယ်။  မေ ၁၇ ရက်နေ့ကနေ စတင်ကာ ညောင်လယ်၊ လီလင်း၊ အန်းတား၊ ရောင်နက်၊ ထယ်လှော်၊ လယ်ဓမ္မ စတဲ့ကျေးရွာတွေမှာ သောက်ရေတွေအပြင် ရေရရှိရေးမှာ သုံးစွဲနိုင်ဖို့ ငွေကြေးအချို့ကိုလည်း လှူဒါန်းတာတွေ ပြုလုပ်နေပါတယ်။  ကျေးလက်ဦးစီးဌာနကလည်း ရေရှားတဲ့ ကျေးရွာတွေကို ရေတွင်းတူးတာ၊ စိမ့်စမ်းရေသွယ်တာ၊ VDP စီမံကိန်းနဲ့ မြစ်ရေတင်၊ ချောင်းရေတင်လုပ်ငန်းဖော်ဆောင်တာတွေကို လုပ်ဆောင်နေပါတယ်။  အရင်နှစ်က စိမ့်စမ်းရေသွယ်ထားတဲ့ ကျေးရွာတချို့မှာ ရေသွယ်ပိုက်လိုင်းတွေ ပျက်စီးတာ၊ တောတောင်သစ်တောတွေ အကြောင်းအမျိုးမျိုးကြောင့် ပြုန်းတီးပြီး ရေအရင်းအမြစ်တွေ ခန်းခြောက်တာတွေလည်း ရှိနေပါတယ်။  ဆက်လက်ပြီး သောက်သုံးရေ အခက်အခဲဖြစ်ပေါ်ပါက သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတဆင့် ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်တယ်လို့ သတင်းတွေ ဖြန့်ဝေပေးထားပါတယ်။
9 months Ago

May 19, 2020

ဂန့်ဂေါမြို့နယ်က ပြိုကျသွားသည့် တိုက်နယ်ဆေးရုံကို အဖွဲ့စုံ သွားရောက်စစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာ၊ ဂန့်ဂေါ-ကလေး ကားလမ်းဘေးရှိ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ မျက်နှာကြက်ဟာ မေလ ၁၈ ရက်နေ့ နေ့လည်ပိုင်းက  လေမတိုက်၊ မိုးမရွာ၊ ငလျင်မလှုပ်ဘဲ သူ့အလိုလို ပြိုကျပျက်စီးသွားပါတယ်။ ပြိုကျစဉ် ဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူနေသူ လူနာ  ၉ ဦးရှိခဲ့ပေမဲ့ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီအခြေအနေကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက  မေလ ၁၉ ရက်နေ့မှာ သွားရောက်စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ အဆင့်ဆင့်ကို ထပ်မံတင်ပြကာ လိုအပ်တာတွေ လုပ်ဆောင်သွားမယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။ "အဆောက်အအုံက ဆောက်လုပ်စဉ်က အရည်အသွေးမမှီတဲ့ ပစ္စည်းတွေ သုံးစွဲခဲ့တာကြောင့် မခိုင်လို့ ပြိုကျတာပေါ့။ ဒါနဲ့ပတ်သက်လို့ မြို့နယ်အဆင့် အဖွဲ့စုံနဲ့ ဒီနေ့ပဲ သွားရောက်ပြီး ကြည့်ရှုစစ်ဆေးခဲ့တယ်။ အစီရင်ခံစာရေးပြီး လိုအပ်တာတွေတော့ ဆက်လက်လုပ်ဆောင်သွားမှာပါ" လို့ သွားရောက်စစ်ဆေးခဲ့သူ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးအောင်ဆန်းဝင်းက ပြောပါတယ်။ အမျိုးသမီးလူနာဆောင် မျက်နှာကြက်က  ၂ ခန်းပြိုကျခဲ့တာဖြစ်ပြီး နောက်ထပ်ကျန်နေတာ တွေကလည်း ပြိုကျနိုင်ချေ ရှိနေပါသေးတယ်။ လက်ရှိမှာတော့ စုံစမ်းစစ်ဆေးနေပြီး အန္တရာယ်ရှိ အဆောက်အအုံ အဖြစ်တော့ သတ်မှတ်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။ အဆိုပါဒီတိုက်နယ်ဆေးရုံကို မကွေးစတားကုမ္ပဏီက တင်ဒါအောင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ကာ ၂၀၁၅ ခုနှစ်မှာ ဌာနကိုလွှဲပြောင်း ဖွင့်လှစ်ခဲ့ပါတယ်။ ငွေကျပ်သန်းပေါင်း ဘယ်လောက် သုံးစွဲခဲ့တယ်ဆိုတာတော့ မသိရသေးပါဘူး။  လက်ရှိမှာ အမျိုးသမီးဆောင်က လူနာတွေကိုတော့ တခြားနေရာကို ပြောင်းရွှေ့ကာ ကုသပေးနေပါတယ်။ မြောက်ခင်ရန်းကျေးရွာက ဘူးလက်လှဆွေလို့ လူသိများတဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေနေထိုင်တဲ့ ရွာဖြစ်သလို လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်ရဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။ မြောက်ခင်ရန်းနဲ့ မဝေးတဲ့ ဟံသာဝတီကျေးရွာမှာ တိုက်နယ်ဆေးရုံရှိပြီးသားဖြစ်လို့ ဒီဆေးရုံတည်ဆောက်စဉ်ကလည်း ဝေဖန်မှုတွေ ရှိခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ကလည်း ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ သူနာပြုတက္ကသိုလ်ဝင်းထဲက ၄ ထပ်ဆောင်မှာ  အကြီးစားပြိုကျမှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။
10 months Ago
Up