မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်ထဲမှာ အောက်တိုဘာ ၁ ရက်က ဂန့်ဂေါ PDF အပါအဝင် ညီနောင်မဟာမိတ်တွေက စစ်ကောင်စီလက်လက်ကိုင်တပ်တွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃၀ လောက် သေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ဂန့်ဂေါ PDF က အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၃၀ ရက်ကစလို့ ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ အင်အားအလွန်အကျွံသုံးပြီး လက်နက်ကြီးပစ်ကူတွေနဲ့ ထိုးစစ်ဆင်လာတာကြောင့် မနေ့မနက် ၁၀ နာရီလောက်မှာ PDF တပ်ဖွဲ့တွေ၊ CNF နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပြီး ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ဂန့်ဂေါ-ကလေးလမ်းပိုင်းမှာ အင်အားအလွန်ကျွံ သုံးပြီး ထိုးစစ်ဆင်နေတာကြောင့် ပြည်သူတွေအနေနဲ့ အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာတာတွေ မလုပ်ကြဖို့ ယောဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးက သတိပေးထားပါတယ်။
ဂန့်ဂေါနယ်ထဲက ရှုံးရှိကျေးရွာမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ စစ်ယူနီဖောင်း ဝတ်ပျူစောထီးတွေက မနေ့မနက် ၁၀ နာရီလောက်မှာ ပြည်သူပိုင်ဆိုင်ကယ်တွေကို မီးရှို့ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။
ကျေးရွာ ဒေသခံတဦးက “ရွာက ဆိုင်ကယ်တွေကို မီးရှို့သွားတာ။ အစီး ၂၀ လောက်ရှိမယ်။ ဟိုဘက်က ဘော်ပြင်းရွာမှာလည်း NLD ဝန်းရံသူတွေကို ရန်ရှာပြီး စစ်ဘေးရှောင်တွေနေတဲ့ တဲတွေကိုလည်း မီးရှို့သွားတော့ စစ်ဘေးရှောင်တွေက ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလာကြရတာ” လို့ ပြောပါတယ်။
ရှုံးရှိကျေးရွာနဲ့ ဘော်ပြင်းကျေးရွာက ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးလာကြတဲ့ ဒေသခံတွေကို စစ်တပ်က တောတောင်တွေအထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မိုးတွင်းကာလဖြစ်တာကြောင့် စစ်ဘေးရှောင်တွေ နေထိုင်စားသောက်ရေး အခက်ကြုံနေရတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ရွာတချို့ကို အကြမ်းဖက် စစ်တပ်က စက်တင်ဘာ ၉ ရက်က ဝင်ရောက်ဖျက်ဆီး မီးရှို့နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ကျဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
“မနေ့ မနက်ပိုင်းက စပြီး မြင်သားရွာကို စစ်ကောင်စီတပ်တွေ ဝင်လာတယ်။ ရွာသားတွေကတော့ ထွက်ပြေးနေကြပြီ။ ရွာထဲက အိမ် ၅ လုံးကို မီးရှို့တယ်။ ကားတွေလည်း ယူသွားတယ်။ ပြီးတော့ တောင်ခင်ရန်းရွာက သူတို့ တပ်စွဲတဲ့နေရာကို ပြန်သွားတယ်” လို့ ဒေသခံတယောက် ပြောပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ တောင်ခင်ရန်းကရွာကနေ မြင်သားရွာဘက်ကိုလာနေတုန်း သာလင်းရွာနားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က တားဆီးပစ်ခတ်ခဲ့ပေမဲ့ မိုးရွာနေတာကြောင့် တူမီးလက်နက်တွေ အဆင်မပြေဖြစ်ပြီး ပြန်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။
“PDF ဘက်က ၁၁ ယောက်ကျတယ်လို့ သိရတယ်။ အတိအကျမသိရသေးဘူး။ ဘယ်သူမှ ရွာကို မပြန်ရဲသေးလို့လေ။ စစ်ကောင်စီတပ်တွေက တဖွဲ့က ပြန်ပြီး တဖွဲ့က မြင်သားတံတားထိပ်က သုံးထပ်တိုက်မှာတပ်စွဲကင်းပုန်းဝပ်နေကြတာ။ တနေကုန်ပဲ။ နေကုန်မှ ရွာထဲက ကားတွေကိုယူပြီး ပြန်ထွက်သွားတာ” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါထက်မက သေဆုံးတာတွေ ရှိနိုင်ပေမဲ့ ရွာသားတွေဟာ တိမ်းရှောင်နေကြရတာကြောင့် အတည်ပြုလို့တော့ မရသေးပါဘူး။
PDF တချို့ကို ဖမ်းမိတာမှာ ခေါ်မသွားဘဲ ပစ်သတ်ခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။ ပြီးတော့ မြင်သားရွာ ဘုန်းကြီးကျောင်းမှာ ပုန်းနေသူတွေကို အပြင်ကနေ သေနတ်ပစ်ဖောက် ဖုန်းတွေလာအပ်ခိုင်းပြီး အကုန်ခွဲပစ်တယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။
ဒီနေ့မနက်မှာတော့ ၆ နာရီလောက်ကစပြီး နေအိမ် ၂ လုံးကို မီးရှို့နေကြောင်းနဲ့ စစ်တပ်ဟာ ရွာထဲက အိမ် ၃ လုံးမှာ တပ်စွဲနေထိုင်တယ်လို့လည်း ဆိုပါတယ်။ ရွာသားတွေကတော့ အခုအချိန်ထိ တောထဲမှာ တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။