မကွေးတိုင်း ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်ထဲက တာဝန်ထမ်းဆောင်ဆဲ ပညာရေးဝန်ထမ်း ၁၇ ယောက်နဲ့ အထွေထွေအုပ်ချုပ်ရေးရုံးစာရေး ၁ ယောက် စုစုပေါင်း ၁၈ ယောက် ဇန်နဝါရီ ၂၄ ရက်က အလင်းဝင်ရောက်ခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ မူလတန်းပြနဲ့ အလယ်တန်းပြ သင်ကြားရေး ဆရာတွေလည်းပါဝင်ပြီး စစ်ကောင်စီရဲ့ ရက်စက်မှုကိုသိပြီး ကိုယ်တိုင် အလင်းဝင်ရောက်ခဲ့တာလို့ ဂန့်ဂေါမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံက ပြောပါတယ်။
"ဟုတ်ပါတယ်၊ မူလတန်းနဲ့ အလယ်တန်းပြတွေပါပါတယ်။ ပညာရေးဘုတ် တာဝန်ခံ၊ ပအဖ၊ ပကဖ တို့ရှေ့မှောက်မှာ အလင်းဝင်ရောက်ကြောင်း လက်မှတ်ထိုးကြတာပါ။"
လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ Non CDM ဝန်ထမ်းတွေကိုလည်း စစ်ကောင်စီရဲ့ လက်အောက်မှာ တာဝန်မထမ်းဆောင်ကြဖို့နဲ့ အသက်အန္တရာယ်မဆုံးရှုံးဖို့ အမြန်ဆုံး CDM လုပ်ကြဖို့ကိုလည်း မြို့နယ်ပညာရေး ဘုတ်အဖွဲ့ တာဝန်ခံက တိုက်တွန်းပြောဆိုထားပါတယ်။
"စစ်မိစ္ဆာတွေ အလိုကျ အမှုထမ်းတာတွေကို ကိုယ့်အတ္တ တခုတည်းနဲ့ မထမ်းဆောင်ကြပါနဲ့တော့၊ တနိုင်ငံလုံး အတိဒုက္ခရောက်နေကြတာတွေကို ကိုယ်ချင်းစာပြီး အမြန်ဆုံး အလင်းဝင်ရောက်ကြပါ။ တော်လှန်ရေးဟာလည်း မကြာခင် အောင်နိုင်တော့မှာပါ။ ဒါကြောင့် အသက်အန္တရာယ်ကို အဆုံးရှုံးမခံကြဘဲ အမြန်ဆုံး အလင်းဝင်ကြပါလို့ ပြောချင်ပါတယ်" လို့ ပြောပါတယ်။
Non CDM တွေကို အပြစ်ပေးအရေးယူတာတွေ ပါဝင်တဲ့ မူဝါဒ ၄ ရပ်ကို ဖော်ပြထားတဲ့ နိုင်ငံ့ဝန်ထမ်းမူဝါဒ(CDM policy) ကို NUG အစိုးရရဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ပေါက်မြို့နယ်တွေမှာ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းက ခရီးသွားပြည်သူ ၂ ယောက်ကို စစ်အုပ်စုက PDF သတင်းပေး၊ PDF ထောက်ပံ့သူဆိုပြီး စွပ်စွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဂန့်ဂေါမြို့နယ် ကံရွာဘက်ကနေ ဂန့်ဂေါမြို့ဘက်ကို ထွက်လာတဲ့ ခရီးသည်တင်ကားပေါ်မှာ လိုက်ပါလာတဲ့ ဒေါ်လှလှမြင့်ကို ဇန်နဝါရီ ၁၆ ရက် မနက် ၈ နာရီလောက်မှာ စစ်အုပ်စုတွေက PDF ထောက်ပံသူဆိုပြီး စွပ်စွဲဖမ်းဆီးကာ ဂန့်ဂေါမြို့မရဲစခန်း စစ်ကြောရေးကို ခေါ်သွားကြတယ်လို့ ဂန့်ဂေါမြို့ ဒေသခံတယောက်က ပြောပါတယ်။
ပေါက်မြို့ သရက်တောဂိတ်မှာလည်း ပခုက္ကူဘက်ကနေ ထွက်လာတဲ့ ခရီးသည်တင်ကားပေါ်ကနေ ကိုဇောဘွေးကို ဇန်နဝါရီ ၁၆ ရက် မနက် ၁၁ နာရီလောက်မှာ PDF သတင်းပေးဆိုပြီး စစ်အုပ်စုက စွပ်စွဲဖမ်းဆီးသွားကြတယ်လို့ ပေါက်မြို့ ဒေသခံတယောက်က ပြောပါတယ်။
“ပေါက်မြို့နယ်မှာတော့ သရက်တောဂိတ်က အဆိုးဆုံးပဲဗျ။ ယောဒေသနဲ့ ချင်းတောင်ကိုတက်မယ့် ကားတွေကို အစားအသောက်၊ ဆေးဝါးနဲ့ အိမ်ဆောက်ပစ္စည်းတွေ သယ်ယူခွင့်တွေ တားမြစ်ကန့်သတ်ထားသလို စစ်(...)တွေက ပြည်သူတွေဆီကနေ မတရား ငွေညှစ်နေကြသလို အပြစ်မဲ့ပြည်သူတွေကိုလည်း မကြာခဏ ဖမ်းဆီးတာတွေ ပြုလုပ်နေတယ်။”
စစ်ကောင်စီတပ်သားတွေဟာ သူတို့ စစ်ကြောင်းထိုးတဲ့ ကျေးရွာတွေမှာလည်း အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုသလို ရက်ရက်စက်စက် သတ်ဖြတ်တာတွေကိုလည်း ဆက်တိုက်ကျူးလွန်နေတယ်လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုနှစ် ဇန်နဝါရီ ၁၇ ရက်အထိ နိုင်ငံတဝန်း မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃,၅၉၀ ယောက်ရှိပြီး အဲဒီထဲက ၂,၁၃၉ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။