ဂင်းနစ်မှတ်တမ်းဝင်ရေး

January 22, 2020

ဂင်းနစ်မှတ်တမ်းဝင်ရေး သီရိလင်္ကာ အမြွှာထောင်ချီ ကြိုးပမ်း (ရုပ်သံ)

ဇန်နဝါရီ ၂၀ ရက်က သီရိလင်္ကာနိုင်ငံမှာ အမြွှာတွေ ထောင်ချီစုဝေးပြီး ဂင်းနစ်မှတ်တမ်းဝင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။  ပြီးခဲ့တဲ့ အမြွှာအရေအတွက် ဂင်းနစ်စံချိန်ကို  ၁၉၉၉ ခုနှစ်မှာ ထိုင်ဝမ်က စံချိန်တင်ခဲ့ပါတယ်။  အဲဒီတုန်းက နှစ်မြွှာပူး ၃၉၆၁ တွဲ၊ သုံးမြွှာပူး ၃၇ တွဲ နဲ့ လေးမြွှာပူး ၄ တွဲဟာ တိုင်ပေမြို့တော်ခန်းမ အပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။  အခုတခါမှာတော့ သီရိလင်္ကာနိုင်ငံ မြို့တော် ကိုဘံဘိုက အားကစားကွင်းထဲမှာ အမြွှာပေါင်း ထောင်ချီ ပါဝင်ဆင်နွှဲခဲ့တာပါ။  သီရိလင်္ကာ အမြွှာအဖွဲ့အစည်းဥက္ကဋ္ဌက “တိုင်ပေမှာ အမြွှာစုံတွဲပေါင်း ၈၀၀၄ တွဲနဲ့  စုဝေးခဲ့တယ်။ ဒီနေ့က အဲဒီစံချိန်ကို ချိုးဖျက်ဖို့ ဖြစ်ပါတယ်” လို့ ပြောပါတယ်။  ဒါပေမဲ့ ဒီပွဲမှာ လူအလွန်များပြားတာကြောင့်  အချိန်ကြာမြင့်စွာ တန်းစီရပြီး ဂင်းနစ် မှတ်တမ်းဝင်ရေး ကြိုးပမ်းရာမှာ လိုအပ်တဲ့ အဖွဲ့လိုက် ဓာတ်ပုံရိုက်ကူးနိုင်ခြင်း မရှိခဲ့ပါဘူး။  အမြွှာအရေအတွက် ဂင်းနစ်စံချိန်တင်ရေး ပူးတွဲစီစဉ်သူက အမြွှာအရေအတွက်ကို ရေတွက်နေဆဲ ဖြစ်ပြီး နောက်ဆုံးအရေအတွက်နဲ့ အထောက်အထားကို ကမ္ဘာ့ဂင်းနစ်မှတ်တမ်း ကော်မတီကို တင်သွင်းသွားမယ်လို့ စုဝေးသူတွေကို  ပြောခဲ့ပါတယ်။ ဒီလို ဂင်းနစ်မှတ်တမ်းဝင်ရေး ကြိုးပမ်းပြီးနောက် နှစ်မြွှာပူးတွေ တီးမှုတ်တဲ့ ဖျော်ဖြေပွဲကို ကျင်းပခဲ့တယ်လို့လည်း နိုင်ငံအတွင်းရှိ နွမ်းပါးတဲ့ အမြွှာတွေကို ကူညီဖို့ ရည်ရွယ်တဲ့ သီရိလင်္ကာအမြွှာများအဖွဲ့က ပြောပါတယ်။
1 year Ago
Up