ခရိုင်းမီးယားတွင်

January 14, 2018

ခရိုင်းမီးယားတွင် ရုရှားက ဝေဟင်ပစ်ဒုံးကျည်တပ်ခွဲသစ် ချထား

ရုရှားအစိုးရဟာ S400 မြေပြင်က ဝေဟင်ပစ်ဒုံးကျည် တပ်ခွဲအသစ်ကို ခရိုင်းမီးယား ဒေသမှာ စနေနေ့ကစပြီး တပ်ချလိုက်တယ်လို့ ရုရှား သတင်းဌာနတွေက အစီရင်ခံပါတယ်။ ခရိုင်းမီးယား ကျွန်းဆွယ်မှာ စစ်ရေးတင်းမာမှု တိုးနေချိန်မှာ ခုလို တပ်ချလိုက်တာပါ။ ရုရှားဟာ ခရိုင်းမီးယားဒေသကို ယူကရိန်း လက်ကနေ ၂၀၁၄ မှာ သိမ်းယူခဲ့တာပါ။ ဒါကြောင့် ဥရောပ သမဂ္ဂနဲ့ အမေရိကန်တို့က ရုရှားအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ ခဲ့ပါတယ်။ အမေရိကန်က ယူကရိန်းကို ကာကွယ်ရေး စွမ်းဆောင်ရည် တိုးမြှင့်ပေးဖို့ စီစဉ်နေတယ်လို့ ဒီဇင်ဘာလတုန်းက ပြောပါတယ်။ အစီအစဉ်ထဲမှာ ဂျာဗယ်လင် တင့်ဖျက်ဒုံးကျည်တွေ တပ်ဆင်ပေးဖို့လည်း ပါတယ်လို့ အရာရှိတွေက ပြောပါတယ်။ ရုရှားအစိုးရရဲ့ တပ်ချမှုဟာ ကျွန်းဆွယ်အတွင်း S400 လေကြောင်းရန် ကာကွယ်ရေး စနစ်တွေ တပ်ဆင်ထားတဲ့ ဒုတိယ တပ်ခွဲပါ။ ၂၀၁၇ ခုနှစ်က ဖှေဒိုစီယာ ဆိပ်ကမ်းမြို့မှာ ပထမတပ်ခွဲကို တာဝန်ချခဲ့ပါတယ်။ ဒုတိယတပ်ခွဲကတော့ စီဗက်စတိုပို မြို့နားမှာ တပ်ချပြီး ယူကရိန်းနယ်စပ်က လေပိုင်နက်ကို ထိန်းချုပ်မယ်လို့ RIA သတင်းဌာနက အစီရင်ခံပါတယ်။ ရုရှား နယ်စပ်တွေကို ကာကွယ်ဖို့ ပုံစံထုတ်ထားတဲ့ လေကြောင်းကာကွယ်ရေး စနစ်သစ်ဟာ ငါးမိနစ်အတွင်း တိုက်ခိုက်ရေး အဆင့်ကို ပြောင်းနိုင်စွမ်း ရှိတယ်လို့ ရုရှား လေတပ် စစ်ဦးစီးမှူး ဗစ်တာစေဗိုစတီယာနော့ဗ်ကို ကိုးကားပြီး အင်တာဖက်စ် သတင်းဌာနက အစီရင်ခံပါတယ်။ ထရိုင်းယန့်ပ် လို့ လူသိများတဲ့ S400 လေကြောင်းရန် ကာကွယ်ရေးစနစ်ဟာ ကီလိုမီတာ ၄၀၀ အကွာ လေထဲက ပစ်မှတ်နဲ့ ကီလိုမီတာ ၆၀ အကွာက ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ချနိုင်တယ် ဒီစနစ်တွေဟာ ၂၀၀၇ ခုနှစ်ကစပြီး ရုရှားစစ်တပ်ရဲ့ လက်နက်တိုက်ထဲ ရောက်လာတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန က ပြောခဲ့ပါတယ်။
3 years Ago
Up