ခရိုင်းမီးယား

A d v e r t i s e m e n t With Us

March 28, 2019

ခရိုင်းမီးယားဒေသတွင် ရုရှားက အကြီးစား စစ်ရေးလေ့ကျင့်မှု ပြုလုပ် (ရုပ်သံ)

ရုရှားက သူကျူးကျော်သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသမှာ ကြည်း၊ ရေ၊ လေ အကြီးစား စစ်ရေးလေ့ကျင့်မှုတွေ မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုအတွင်း လေထီးစစ်သည် အရေအတွက် တသောင်းခွဲအပြင်  စစ်ရေယာဉ်တွေ တိုက်လေယာဉ်တွေပါတဲ့ လက်နက်ကြီးတပ်စိတ် ၃၀၀ ဝန်းကျင် ပါဝင်ခဲ့ကြပါတယ်။ ယူကရိန်းနိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းတပတ်အလိုမှာ ရုရှားက အဲဒီလို အကြီးစား စစ်ရေးလေ့ကျင့်တာတွေ လုပ်ခဲ့တာပါ။ ရုရှားဟာ ယူကရိန်းနိုင်ငံကနေ ခရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ခဲ့တာကြောင့် အနောက်နိုင်ငံတွေက ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ အဲဒီပြဿနာကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကလည်း ရုရှားအပေါ် အရေးယူပိတ်ဆို့တာတွေ ချမှတ်ခဲ့ပြီး အနောက်အုပ်စုနဲ့ ရုရှားအကြား စစ်အေးခေတ်နောက်ပိုင်း အဆိုးရွားဆုံး ဆက်ဆံရေး အခြေအနေ ရောက်ခဲ့ပါတယ်။ ရုရှားရဲ့ တစိတ်တပိုင်းဖြစ်လာဖို့ ခရိုင်းမီးယားပြည်သူ အများစုက ၂၀၁၄ ပြည်သူ့ဆန္ဒခံယူပွဲမှာ ဆန္ဒမဲ ပေးခဲ့ကြတယ်လို့ ရုရှားအစိုးရက ပြောခဲ့ပါတယ်။ ခရိုင်းမီးယားကို တရားမဝင် အာဏာသိမ်းတယ်ဆိုတဲ့ ဝေဖန်မှုတွေကနေ ကာကွယ်ဖို့ ရုရှားက အဲဒီလို ပြောခဲ့တာလို့ မီဒီယာတွေက သုံးသပ်ပါတယ်။
2 years Ago

December 29, 2018

ခရိုင်းမီးယားတွင် ရုရှားအစိုးရက နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ပြီးစီး

ယူကရိန်းနိုင်ငံ ခါဆွန်ဒေသရဲ့ နယ်စပ်မြေပေါ်က ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားမှာ ရုရှားအစိုးရက နယ်စပ်ခြံစည်းရိုး ဆောက်လုပ်နေတာ ပြီးစီးသွားပါပြီ။ အခုဆိုရင် ၆၀ ကီလိုမီတာ ရှည်တဲ့  နယ်စပ်ခြံစည်းရိုးဟာ ယူကရိန်းရဲ့ ကုန်းမြေကနေ ကျွန်းဆွယ်ကို ခွဲထုတ် ပိုင်းခြားလိုက်တာပါ။ ဒီခြံစည်းရိုးအသစ်ဟာ ဖြစ်လာနိုင်ချေရှိတဲ့ နယ်စပ်ကျူးကျော် ချိုးဖောက်ခြင်းတွေကို ကူညီ တားဆီးပေးလိမ့်မယ်လို့ ရုရှလုံခြုံရေးအရာရှိ အလက်ဆန်ဒါ ဇူခို့ဗ်က ပြောပါတယ်။ ဒီသတိပေးစနစ်ဟာ ပြည်နယ်ရဲ့နယ်စပ်ကို ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားတာတွေကို  ထိထိရောက်ရောက် စုံစမ်းရှာဖွေနိုင်ပြီး ရပ်တန့်ဖို့ တားဆီးနိုင်တဲ့ တော်တော်ကို ယုံကြည်စိတ်ချလို့ရတဲ့ နည်းပညာပိုင်း ကိရိယာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ယူကရိန်း နယ်စပ်ရေးရာ ပြောခွင့်ရှိသူ အန်ဒရေ ဒမ်ချန်ကိုကတော့ ဒီခြံစည်းရိုး ဆောက်လုပ်ခြင်းဟာ  လုံခြုံရေး အားကောင်းတာကို သရုပ်ပြဖို့၊ ယူကရိန်းကနေ ခွဲထုတ်လိုက်တယ်ဆိုတာကို ပိုသိသာစေတဲ့ ရုရှားရဲ့ ဝါဒဖြန့် ရည်ရွယ်ချက်ပါပဲလို့  ဆိုပါတယ်။ နောက်ဆို ရုရှားတွေ ပြောသလို အဖျက်အမှောင့်အုပ်စုတွေ နယ်စပ်ကနေ ကူးမလာနိုင်တော့ဘူးပေါ့လို့လည်း ပြောသွားပါတယ်။ ရုရှားအစိုးရဟာ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားဒေသကို ယူကရိန်းနိုင်ငံဆီကနေ သိမ်းပိုက်ခဲ့တာဖြစ်ပြီး ရုရှားကို အနောက်နိုင်ငံတွေကနေ ဒဏ်ခတ် အရေးယူပြီး ဆက်ဆံရေးတွေကိုလည်း ချက်ချင်း ဖြတ်တောက်ပစ်ခဲ့ပါတယ်။
2 years Ago
More News
Up