ခရိုင်ထဲမှ ဆေးရုံ ၂ ရုံကို တိုက်လေယာဉ်များက ပစ်ခတ်

April 28, 2017

ဆီးရီးယားသူပုန် တပ်စွဲထားသည့် ခရိုင်ထဲမှ ဆေးရုံ ၂ ရုံကို တိုက်လေယာဉ်များက ပစ်ခတ်

ရုရှား ဒါမှမဟုတ် ဆီးရီးယား အစိုးရရဲ့ ဂျက်လေယာဉ်တွေလို့ ယုံကြည်ရတဲ့ လေယာဉ်တွေက ဆီးရီးယားနိုင်ငံထဲ သူပုန်တွေ တပ်စွဲထားတဲ့ အိဒလစ်ဘ်ခရိုင်ထဲက ဆေးရုံ ၂ ရုံကို ဧပြီ ၂၇ ရက်နေ့ ပစ်ခတ်ခဲ့တယ်လို့ ဆေးဘက်လုပ်သားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ လတ်တလော သီတင်းပတ်တွေအတွင်း ဆီးရီးယားနိုင်ငံရဲ့ အနောက်မြောက်ပိုင်းက ဆေးကုသမှုဆိုင်ရာ ပံ့ပိုးမှု အင်္ဂါရပ်တွေကို တခြား ပစ်ခတ်တိုက်ခိုက်မှုတွေ အတော်များများ ဖြစ်ခဲ့တယ်လို့လည်း သူတို့က ပြောပါတယ်။ ဧပြီ ၂၇ ရက်နေ့ အစောပိုင်းက လေကြောင်း ပစ်ခတ်မှုကြောင့် ဒေးယာ အယ်လ် ရှာကီဆေးရုံကို ထိမှန်ပြီး ဝန်ထမ်း အနည်းဆုံး ၃ ဦးသေဆုံးပြီး တချို့ ဒဏ်ရာရတယ်လို့ ကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။ ဒုတိယ လေကြောင်း ပစ်ခတ်မှုက အိဒလစ်ခရိုင် တောင်ပိုင်းက မားဇီတာ ရွာမှာရှိတဲ့ ဂူဆေးရုံကို ထိမှန်လို့ လူအနည်းဆုံး ၅ ဦး သေဆုံးတယ်လို့ ဆေးဘက် ဝန်ထမ်းတွေက ပြောပါတယ်။ ဆီးရီးယား သမ္မတ ဘတ်ရှားအယ်လ် အာဆတ်ကတော့ သူ့တပ်တွေက ဆေးရုံတွေနဲ့ တခြား အရေးပေါ် ဌာနတွေကို ပစ်မှတ်ထားတယ် ဆိုတဲ့ အချက်ကို ထပ်ခါတလည်း ငြင်းပါတယ်။ အာဆတ်ရဲ့ မဟာမိတ် ရုရှားကလည်း အရပ်ဘက် အခြေခံ အဆောက်အဦတွေကို ပစ်မှတ် ထားတယ်ဆိုတဲ့ အချက်ကို ငြင်းခဲ့ပါတယ်။
4 years Ago
Up