ခရုဇ်ဒုံးကျည်

December 17, 2015

အိုင်အက်စ်ကို လေကြောင်းတိုက်ခိုက်မှုအတွင်း ပြင်သစ် ခရုဇ်ဒုံးကျည် အသုံးပြု (ရုပ်သံ)

ပြင်သစ်အစိုးရဟာ အီရတ်နိုင်ငံထဲက အစ္စလာမ္မစ်နိုင်ငံအမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေကို ဒီဇင်ဘာ ၁၅ ရက် လေကြောင်းတိုက်ခိုက်မှုအတွင်း ပထမဆုံးအနေနဲ့ ခရုဇ်ဒုံးကျည်တွေကို သုံးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့က ဖြန့်ချိလိုက်တဲ့ ရုပ်သံထဲမှာ နာမည်မဖော်ပြတဲ့နေရာရှိ အခြေစိုက် စခန်းကနေ ရာဖယ် တိုက်လေယာဉ်တွေ ပျံတက်သွားပုံကို ပြထားပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ ဂျော်ဒန်နိုင်ငံတွေမှာ တပ်ချထားတဲ့ ပြင်သစ် တိုက်လေယာဉ်တွေကနေ SCALP တာဝေးပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။ အီရတ်နဲ့ ဆီးရီးယားနယ်စပ်က သယ်ယူပို့ဆောင်ရေးနယ်မြေ သင်တန်းနဲ့ အမိန့်ပေး ညွှန်ကြားမှု ဌာနတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲစီးနင်းမှုတွေ လုပ်ခဲ့ပါတယ်။ လစ်ဗျားမှာ ၂၀၁၁ က ပထမဆုံးအနေနဲ့ ပြင်သစ်တိုက်လေယာဉ်တွေက ဒီဒုံးကျည်တွေကို သုံးခဲ့ဖူးပါတယ်။ ဒုံးကျည်တကြိမ်ပစ်ရင် အမေရိကန်ဒေါ်လာ ၉ သိန်း ၃ သောင်း ကုန်ကျတယ်လို့ ပြင်သစ် သတင်းစာက ဆိုပါတယ်။ အိုင်အက်စ်တွေဟာ အရင်လက မြို့တော်ပါရီမှာ လူအယောက် ၁၃၀ သေခဲ့ရတဲ့ ပစ်ခတ်မှုနဲ့ အသေခံဗုံးခွဲမှုတွေအတွက် တာဝန်ယူတယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီနောက် ပြင်သစ်ဟာ ဆီးရီးယားနဲ့ အီရတ်က အိုင်အက်စ် ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေ တိုးလုပ်လာခဲ့တာပါ။
7 years Ago
Up