ခရိုင်အဆင့်အလိုက်ပြုလုပ်နေတဲ့ အမျိုသားနိုင်ငံရေးဆွေးနွေးပွဲကို မြိတ်ခရိုင်၊ မြိတ်မြို့နယ်မှာ ရှိတဲ့ ပုလဲရတနာခန်းမှာ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းက စတင်ကျင်းပနေပါတယ်။
ဒီကနေ့ မနက်ပိုင်းအခမ်းအနားမှာတော့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦးနဲ့ အဖွဲ့ဝင် ဦးအောင်စိုးတို့ ဦးဆောင် တက်ရောက်ကြပါတယ်။
ခရိုင်အဆင့် ဒေသအလိုက်ကျင်းပသော အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲကို ၂ ရက်ကြာ ကျင်းပမှာဖြစ်ပြီး ပထမနေ့ဆွေးနွေးပွဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနဲ့ ဒီမိုကရက်တစ်ပါတီ(မြန်မာ)တို့က နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ စာတမ်းဖတ်ကြားတာ၊ အထွေထွေဆွေးနွေးတာတွေကိုပြုလုပ်သွားမှာပါ။
ဒါ့အပြင် စီးပွားရေးနဲ့ ပတ်သတ်တဲ့ စာတမ်းဖတ်ကြားတာတွေကိုတော့ ပြုလုပ်မှာဖြစ်ပြီး ဒုတိယနေ့ အစီအစဉ်မှာတော့ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒနဲ့ ပတ်သတ်တာတွေ ဆွေးနွေးကြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံးအကြိမ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တနင်္သာရီတိုင်းဒေသကြီးမှာ ခရိုင် ၃ ခုခွဲပြီး ကျင်းပနေတာ ဖြစ်ပါတယ်။
ထားဝယ်ခရိုင်ဆွေးနွေးပွဲကို ဇန်နဝါရီလ ၅ ရက်ကနေ ၆ ရက်အထိကျင်းပခဲ့ပြီး မြိတ်ခရိုင်မှာ ဇန်နဝါရီလ ၁၂ ရက်ကနေ ၁၃ ရက်အထိနဲ့ ကော့သောင်ခရိုင်မှာတော့ ဇန်နဝါရီ ၁၆ ရက်ကနေ ၁၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
ဒီ ၃ ခရိုင်ကနေရရှိလာတဲ့ ဆွေးနွေးချက်တွေကို စုစည်းပြီး တနင်္သာရီတိုင်းဒေသကြီးတခုလုံးရဲ့ မူဝါဒဆိုင်ရာ စုစည်းချက်တွေအဖြစ် ဇန်နဝါရီ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ ထားဝယ်မြို့မှာ အပြီးသတ် ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
6 years Ago