ဝိတ်ဆော့သူအမျိုးသား အများစုက သန်မာထွားကျိုင်းလာတဲ့ သူတို့ခန္ဓာကိုယ်ပေါ်က ကြွက်သားတွေအတွက် ဂုဏ်ယူလေ့ရှိပါတယ်။
ဒီလိုပဲ ဘရာဇီးနိုင်ငံမှာလည်း ခန္ဓာကိုယ်ကြွက်သားတွေအတွက် အမြဲဂုဏ်ယူနေသူ တဦးရှိပါတယ်။ ဒါပေမယ့် သူများတွေနဲ့ မတူတဲ့အချက်ကတော့ သူဟာ ခန္ဓာကိုယ်အပေါ်ပိုင်းက ကြွက်သား တွေထဲကို ဆီကိုအခြေခံတဲ့ အရာတမျိုးထိုးသွင်းပြီး ဗလကြီးအဖြစ် ကိုယ့်ကိုယ်ကို ဂုဏ်ယူနေသူပဲဖြစ်ပါတယ်။
ဒီအမျိုးသားမည်ကတော့ ဗဲလ်ဒါ ဆီဂါတိုပါ။ ဆာအိုပေါ်လိုမြို့မှာနေထိုင်တဲ့ အသက် ၅၀ ကျော်အရွယ် ဆောက်လုပ်ရေးအလုပ်သမားဟာ ငယ်ရွယ်စဉ်တုန်းက ဆေးစွဲခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အလွန်အမင်းပိန်ခဲ့လို့ သူ့ကိုနီးစပ်သူတွေက “ခွေးပိန်လေး” လို့ နောက်ပြောင်ခဲ့ကြပါတယ်။
ဒါ့ကြောင့် သူဟာ ခန္ဓာကိုယ်ထွားကျိုင်း သန်မာလာစေရေးအတွက် လေ့ကျင့်ခန်းတွေ စတင်ပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် သာမာန်လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးလာခြင်းကို အားမရတဲ့ ဆီဂါတိုဟာ နောက်တမျိုးပြောင်းကြံပါတယ်။
အဲဒါကတော့ synthol လို့ခေါ်တဲ့အရာတမျိုးကို ကြွက်သားထဲထိုးသွင်းခြင်းပါပဲ။ Synthol မှာနှမ်းဆီ ၈၅ ရာခိုင်နှုန်းပါဝင်ပြီး ၁၅ ရာခိုင်နှုန်းက အကိုက်အခဲပျောက်ဆေးတမျိုးဖြစ်ကာ ကျန် ၁၅ ရာခိုင်နှုန်းကတော့ အယ်လ်ကိုဟောဖြစ်ပါတယ်။
ဒီအရောအစပ်ကို ကြွက်သားတွေထဲ ထိုးသွင်းခြင်းကြောင့် ကြွက်သားတွေဟာ အဆမတန် ကြီးထွားလာပြီး ဆီဂါတိုကတော့ ဒီလိုပုံမှန်မဟုတ်တဲ့နည်းနဲ့ ဖွံ့ဖြိုးလာမှုကို နှစ်သက်နေပါတယ်။
သူ့ခန္ဓာကိုယ်ကိုကြည့်မယ်ဆိုရင် အပေါ်ပိုင်းတခုလုံးဟာ လေမှုတ်ဘောလုံးတွေ ကပ်ထားတဲ့ ပုံစံမျိုးဖြစ်နေပြီး ခန္ဓာကိုယ်အောက်ပိုင်းနဲ့ အပေါ်ပိုင်းဖွံ့ဖြိုးမှုခြင်းဟာလည်း သိသိသာသာ ခြားနားနေပါတယ်။
ဒါပေမယ့် ဒါကလည်း သူ့အတွက်ပြသနာမဟုတ်ပါဘူး။ ဆရာဝန်တွေရဲ့ အကြိမ်ကြိမ်တားမြစ်မှုကို လျစ်လျူရှုပြီး သူဟာနှစ် ပေါင်းများစွာကြာ ကြွက်သားတွေထဲ sythol ထိုးသွင်းတာကို ပြုလုပ်နေပါတယ်။
ပါဝင်ပစ္စည်းတွေကြောင့် အန္တရာယ်ရှိတဲ့အရာအဖြစ် သတ်မှတ်ထားပေမယ့် ဆီဂါတိုက ကတော့ ဒီဆေးတွေ ထိုးသွင်းတာကို မစွန့်လွှတ်နိုင်ဘဲ ဆေးအစွမ်းနဲ့သူ့ခန္ဓာကိုယ် ကြီးသည်ထက် ကြီးလာရေးကိုပဲ အားစိုက်နေပါတယ်။
အခုဆိုရင် သူ့လက်မောင်းတဖက်ဆီဟာ ၂၃ လက်မစီရှိနေပြီဖြစ်ပြီး ဆီဂါတိုကတော့ ဒီထက်ပိုကြီးဖို့ ထပ်မံကြိုးစားဦးမယ်လို့ ဆိုပါတယ်။
ဆီဂါတိုဟာ သူ့ခန္ဓာကိုယ်အလှကို အသားပေးတဲ့ ဓာတ်ပုံတွေကို မကြာခဏဆိုသလို ဖေ့စ်ဘွတ်ခ်နဲ့ အင်စတာဂရမ်လို လူမူကွန်ရက်ပေါ်မှာ တင်လေ့ရှိပြီး အင်စတာဂရမ်ပေါ်မှာလည်း ဖော်လိုဝါ ၁၉၀၀၀ လောက်ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။
“သမားရိုးကျနည်းလမ်း မဟုတ်တဲ့အတွက် သူ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို လူအများက အာရုံစိုက်ကြပြီး ဒီလိုအာရုံစိုက်ခံရမှုအပေါ် သူကျေနပ်တယ်” လို့ဆီဂါတိုကပြောပါတယ်။
ဒီဆေးတွေဟာ သူ့အတွက်အန္တရာယ်ရှိပေမယ့် ဒါကိုဆက်သုံးနေဦးမယ်လို့လည်း သူက ဆက်လက်ပြောဆိုပါတယ်။
2 years Ago