ခန္ဓာကိုယ်အောက်ပိုင်း သေနေသော်လည်း အံ့ဖွယ် အကစွမ်းရည် ပြနိုင်သည့် အမျိုးသား

August 9, 2016

ခန္ဓာကိုယ်အောက်ပိုင်း သေနေသော်လည်း အံ့ဖွယ် အကစွမ်းရည် ပြနိုင်သည့် အမျိုးသား (ရုပ်သံ)

နယူးဇီလန်နိုင်ငံသား အသက် ၄၂ နှစ်အရွယ် ရော့ဒ်နီဘဲလ်ဟာ ခန္ဓာကိုယ် အောက်ပိုင်း သေနေပေမယ့် ဇွဲမလျှောဘဲ အံ့ဖွယ်အကစွမ်းရည် ပြသနိုင်သူတဦးပါ။ အော့က်လန်အနောက်ပိုင်း၊ ကော်ဘင်အိမ်ယာမှာ အိမ်ခြေယာခြေမဲ့အဖြစ် နေထိုင်နေခဲ့တဲ့ ဘဲလ်ဟာ လက်ရှိမှာတော့ အံ့ဖွယ်စွမ်းဆောင်ရည် ပြနိုင်သူတဦး ဖြစ်လာခဲ့ပါပြီ။ ဘဲလ်ကို ခင်ဗျားတို့အနေနဲ့ အကစွမ်းရည်ပြသပေးဖို့ တောင်းဆိုတယ်ဆိုရင်တော့ သူ့ရဲ့လက်မောင်းတွေကို ဖြန့်ကားပြီး ပျံသန်းတော့မယ့် ငှက်တကောင်လို အနှစ်သက်ဆုံး ကကွက်တွေကို ပြသပါလိမ့်မယ်။ သူဟာ တီကွီတီမြို့မှဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က မော်တော်ဆိုင်ကယ် မတော်တဆ တိုက်ခံရပြီးနောက်မှာ ခါးအောက်ပိုင်း မလှုပ်ရှားနိုင်တော့ဘဲ ကိုယ်တပိုင်း သေသွားခဲ့တာပါ။ “ကျနော်က တော်တော်မိုက်ခဲ့တယ်။ အရူးအမူးပေါ့။ ကျနော် လူတော်တော်များများကို နာကျင်အောင် လုပ်ခဲ့မိတယ်။ နောက်ဆုံးမှာတော့ ကျနော့်မိတ်ဆွေတွေ၊ မိသားစုတွေကို နာကျင်စေခဲ့ပြီး ဘီးတပ်ကုလားထိုင်နဲ့ အဆုံးသတ်ခဲ့ရတယ်” လို့ ဘဲလ်က ပြောပါတယ်။ ဒါပေမယ့် ခုလို မတော်တဆမှုဟာ သူ့အတွက် ဘ၀ရဲ့ အချိုးအကွေ့တခု ဖြစ်လာခဲ့ပါတယ်။ သူဟာ ပြန်လည်သန်စွမ်းရေးဌာနတခုမှာ ၂ နှစ်လောက် ကြာခဲ့ပြီး နောက်မှာတော့ ဘီးတပ်ကုလားထိုင်နဲ့ ကစားလို့ရတဲ့ ဘတ်စကက်ဘော အားကစားနည်းကို ဆက်လက်လေ့လာကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။ တရက်မှာတော့ သူတို့အသင်းဟာ မသန်စွမ်းတွေနဲ့အတူ အလုပ်လုပ်ဖူးတဲ့ အကဆရာမတဦးနဲ့ တွေ့ဆုံဖို့ ဖြစ်လာခဲ့ပါတယ်။ ဘဲလ်က “ကျနော်က အကကို မသင်ချင်ခဲ့ဘူး။ ဒါဟာ ကံတရားအတိုင်းပဲ ဖြစ်လာခဲ့တာပါပဲ” လို့ ဆိုပါတယ်။ အကဆရာမဟာ ဘဲလ်ကို အကပညာမှာ ကန့်သတ်ထိန်းချုပ်ထားမှုတွေ မရှိကြောင်း သင်ကြားပြသပေးနိုင်ခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်မှာတော့ ကာယကြံ့ခိုင်မှုနဲ့ ဖမ်းစားဆွဲဆောင်နိုင်တဲ့ လှုပ်ရှားမှုတွေနဲ့အတူ အကသမားတဦး ဖြစ်လာခဲ့တာပါ။ ဘဲလ်ဟာ ခန္ဓာကိုယ်ကို နောက်ပြန်ကွေးထားနိုင်ပြီး အံ့ဖွယ်စွမ်းရည် ပြသနိုင်တာတွေအပြင် လက်တဘက်တည်းနဲ့ ဟန်ချက်ညီအောင်ထိန်းကာ သူ့ခန္ဓာကိုယ်ကို ဘီးတပ်ကုလားထိုင်ပေါ်ကနေ မတင်ထားနိုင်ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ဘဲလ်ဟာ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ကို အကသရုပ်ပြနိုင်ဖို့ သွားရောက်ခဲ့ပေမယ့် ၅ နှစ်လောက်သာ လုပ်ခဲ့ပြီး လမ်းပေါ်မှာ နောက်တကြိမ် အဆုံးသတ်ခဲ့ပြန်ပါတယ်။ အဲဒီနောက်မှာတော့ “Hand Up” လို့ ခေါ်တဲ့ ပရဟိတအဖွဲ့ရဲ့ အကူအညီနဲ့ နယူးဇီလန်နိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဘဲလ်က အတွေ့အကြုံတွေဟာ သူ့ကို သင်ကြားပြသနေတယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ သူဟာ “Meremere” လို့ အမည်ပေးထားတဲ့ သူ့ရဲ့ စွမ်းရည်ပြ အကအတွက် ဇာတ်တိုက်နေပြီး ဒီနှစ်ထဲမှာ ကျင်းပမယ့် Tempo Dance Festival မှာ ပြသသွားမယ်လို့ ဆိုပါတယ်။
5 years Ago
Up