ခန္တီးရတနာနယ်မြေ

May 17, 2017

ခန္တီးရတနာနယ်မြေတွင် ပစ်ခတ်မှုဖြစ်ပွား၊ ရေမဆေးကျောက်သမား ၄ ဦးသေ၊ ၇ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် ရတနာနယ်မြေ နန်းစီပွန်ကျေးရွာမှာ ဒီနေ့မနက်က ကျောက်မျက်ရှာတဲ့ ရေမဆေးသမားတွေနဲ့ ရဲတပ်ဖွဲ့တွေအကြားပဋိပက္ခဖြစ်ပွားခဲ့လို့ ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ရာမှာ ရေမဆေးကျောက်သမား ၄ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ခန္တီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောပါတယ်။ ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသွားသူတွေဟာ နန်စီပွန်နဲ့ မကျန်က ဒေသခံတွေဖြစ်ပြီး ဒဏ်ရာရသူတွေကိုတော့ ခန္တီးဆေးရုံမှာ ပို့ဆောင်ကုသထားရပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ခန္တီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက “မနက်ဖြစ်ဖြစ်ချင်းမှာ တယောက်က ဖုန်းဆက်တယ်။ ၄ ယောက်သေသွားတယ်တဲ့။ ၇ ယောက် အကြီးအကျယ်တော့ရသွားတယ်တဲ့။ ရေမဆေးသမားတွေကို ၀င်မတူးဖို့တားတာ။ မနေ့ကတား တာ။ တားလို့မရဘူး။ ဒီနေ့ကျတော့ မတားတော့ဘဲနဲ့ ၀င်လာတာနဲ့ကို ပစ်လိုက်တယ်ဆိုတဲ့ဟာကို ကြားရတယ်။”လို့ ပြောပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာဟာ ဦးပိုင်ကုမ္မဏီပိုင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ပြီး ရေမဆေးသမားတွေဟာ ဦးပိုင်ကုမ္ပဏီရဲ့မြေစာပုံကိုရှာခဲ့ရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။ နန်စီပွန်ဒေသမှာ ကျောက်တူးဖော်နေတဲ့ ကုမ္ပဏီ ၅ ခုလောက်ရှိပြီး၊ ရေမဆေး ကျောက်ရှာဖွေသူ ၂ ထောင်ကျော် ရှိနေတယ်လို့ သိရပါတယ်။ ခန္တီးမြို့နယ် နန်စီပွန်လုပ်ကွက်နဲ့ မကျန် မှော်လုပ်ကွက်တွေထဲမှာ တရားမ၀င်ဝင်ရောက်နေသူတွေအားလုံး မေလ ၁၆ ရက်ကစပြီး မေလ ၃၀ရက်နောက်ဆုံးထားပြီး ပြောင်းရွှေ့ထွက်ခွာကြဖို့ ပုဒ်မ ၁၄၃ အမိန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူးက မေလ ၁၅ရက်နေ့က ထုတ်ပြန်ထားပါတယ်။
4 years Ago
Up