ခွေးလိမ္မာ

November 16, 2020

ထိုင်းတွင် ခွေးလိမ္မာလေး ၁ ကောင်က စိတ်ကြွမူးယစ်ဆေးပြားထုပ် စာတိုက်ကြီးရှေ့လာချထား 

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖရဲ့ခရိုင်၊ လောင့်ကဝမ်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ခွေးတစ်ကောင်ကနေပြီး စိတ်ကြွဆေးပြားပေါင်း ၆၀၀ ကျော်ပါဝင်တဲ့ အထုပ် ၁ ထုပ်ကို စာတိုက်ကြီးရှေ့မှာ လာချထားတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။  ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် မနက်က လောင့်ကဝမ်မြို့စာတိုက်ကြီးက ဝန်ထမ်းတွေဟာ စာတိုက်ရှေ့မှာကျနေတဲ့ မသင်္ကာစရာ အထုပ်တွေ့လို့ ပေါက်ကွဲစေတဲ့အရာလို့ ယူဆပြီး မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ လောင့်ကဝမ်ရဲစခန်းက တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ပါတယ်။  တာဝန်ရှိသူတွေက လာရောက်စစ်ဆေးရာမှာတော့ အဆိုပါအထုပ်ဟာ တိပ်အနက်ရောင်နဲ့ အထပ်ထပ်ပတ်ထားပြီး အထဲမှာ စိတ်ကြွဆေးပြားထည့်ထားတဲ့ အပြာရောင်အိတ် ၃ အိတ်၊ အနက်ရောင်ဘူး ၁ ဘူးကိုတွေ့ရကာ စိတ်ကြွဆေးပြားစုစုပေါင်း ၆၃၉ ပြားကို သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။   အထုပ်တွေ့တဲ့နေရာကို စီစီကင်မရာထဲကနေ ပြန်ကြည့်ရာမှာတော့ အဲဒီမနက်က ခွေးကလေးတစ်ကောင်ဟာ အထုပ်တစ်ထုပ်ကို ကိုက်ချီပြီး စာတိုက်ခြံစည်းရိုးက‌နေ တိုးဝင်လာ တာတွေ့ရပါတယ်။  ခွေးကလေးဟာ စာတိုက်ရှေ့မှာ လာချထားပြီး စည်းရိုးအောက်ကနေပဲ ပြန်တိုးထွက်သွားတာကိုလည်း တွေ့ရပါတယ်။  လောင့်ကဝမ်မြို့က တာဝန်ရှိသူတွေဟာ လတ်တလော မူးယစ်ဆေးဝါးရှာဖွေနှိမ်နင်းရေးကို ဆောင်ရွက်နေပြီး  အဆိုပါ အထုပ်ဟာ မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူတွေက ရဲတွေတွေ့သွားမှာစိုးလို့ တနေရာမှာဝှက်ထားတာ ဒါမှမဟုတ် ခြုံထဲလွှင့်ပစ်ထားတာဖြစ်နိုင်ပြီး ခွေးလိမ္မာက ကိုက်ချီကာ လူမြင်ကွင်းမှာ လာထားတာဖြစ်နိုင်တယ်လို့ ရဲစခန်းတာဝန်ရှိသူ ပြောပါတယ်။ မူးယစ်ဆေးဝါးပိုင်ရှင်သိရဖို့  ခွေးကလေး လာရာလမ်းကြောင်းရှိ စီစီတီဗွီကင်မရာတွေကနေ ဆက်လက်စစ်ဆေးနေတယ်လို့  တာဝန်ရှိသူက ပြောသွားပါတယ်။  နောက်ဆက်တွဲသတင်းတွေအရ  တာဝန်ရှိသူတွေဟာ အဆိုပါအထုပ်ပိုင်ရှင် ၂ ဦးကို စုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီးရမိပြီလို့ သနေးရှင်းသတင်းမှာ ဖော်ပြပါတယ်။  အထုပ်ပိုင်ရှင် ၂ ဦးမှာ အသက် ( ၃၈ ) နှစ်ရွယ်နဲ့ အသက် (၃၇  ) နှစ်ရွယ် အမျိုးသာနှစ် ဦးဖြစ်ပြီး သူတို့လက်ထဲမှာလည်း အထုပ်ထဲက ဆေးပြားတွေနဲ့  ပုံစံတူ နောက်ထပ် လိမ္မော်ရောင် စိတ်ကြွဆေး ၄၀ ပြားလောက် ထပ်မံဖမ်းဆီးရမိလို့ နှစ်ဦးလုံးကို မူးယစ်ဥပဒေနဲ့ အရေးယူသွားမယ်လို့  တာဝန်ရှိသူက ပြောသွားပါတယ်။ ကိုးကား- The Nation/Chiang Mai News
1 year Ago
Up