ခွပ်ဒေါင်းခေါင်းဆောင်

A d v e r t i s e m e n t With Us

January 11, 2021

ခွပ်ဒေါင်းခေါင်းဆောင် ရန်ကြီးအောင်စိန်ဝင်း နှစ် ၃၀ ပြည့်  

“ရန်ကြီးအောင်စိန်ဝင်း ၃၀ ပြည့်” လူထုရန်သူ၊ ဆန့်ကျင် “မူ”ဖြင့် ပြည်သူကျောင်းသား၊ ခွင့်ရေးများရ ကောင်းစားကြရေး၊ အသက်ပေးသူ ရဲသွေးနီမောင်း၊ သတ္တိကောင်းစွ ခွပ်ဒေါင်းခေါင်းဆောင်၊ ရန်ကြီးအောင်စိန်ဝင်း ကွယ်လွန်ခြင်းနှစ်၊ သုံးဆယ် ဖြစ်ပေါ့ မေ့ပြစ်ဖို့ရာ မသင့်ပါ။ ။  မောင်တူး  ရန်ကြီးအောင်စိန်ဝင်း ထောင်တွင်း ကျဆုံး နှစ် ၃၀   ဒီမိုကရေစီ မရှိတဲ့၊ လွတ်လပ်ခွင့် ဆိတ်သုဉ်းနေခဲ့တဲ့ မြန်မာပြည်မှာ လူတဦး၊ အစုတစု၊ အဖွဲ့တဖွဲ့ဟာ ပြည်သူအများဘက်ကနေ ရပ်တည်ပြီး အမှန်တရားအတွက် လုပ်ဆောင်ခဲ့မယ်ဆိုရင် အုပ်စိုးသူ အာဏာရှင်တွေက ဖမ်း၊ ချုပ်နှောင်၊ နှိပ်စက်၊ ထောင်ချ၊ တကျွန်းပို့၊ သတ်ဖြတ်ခဲ့ကြတာဟာဖြင့် နှစ်ပေါင်းများစွာ ကြာခဲ့ပြီပေါ့။ မြန်မာပြည်မှာ လူထုခေါင်းဆောင်တွေ၊ သံဃခေါင်းဆောင်တွေ၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားခေါင်းဆောင်တွေဟာ ထောင်တွေထဲမှာ အသက်တွေ ပေးခဲ့ကြရတာများလှပါပြီ။ အကျဉ်းထောင်တွေထဲ နှိပ်စက်ပြီး ဒဏ်ရာတွေကို ဆေးကုမပေးတာ၊ အနာရောဂါတွေဖြစ်ရင် ဆေးကုမပေးတာတွေကြောင့် ကျဆုံးသွားခဲ့ကြရတာပါ။ ဒီထဲမှာ (ဗကသ) ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အမှုဆောင်နဲ့ (တကသ) ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုဥက္ကဋ္ဌ ရန်ကြီးအောင် ဦးစိန်ဝင်းလည်း အပါအဝင်ပေါ့။ ရန်ကြီးအောင် စိန်ဝင်းကို ဦးစိန်ဝင်း၊ ကိုစိန်ဝင်း၊ ခါးကြီးစိန်ဝင်း (ကျောင်းသားဆန္ဒပြပွဲမှာ ရဲရိုက်ခံရလို့ ခါးဒဏ်ရာရ)၊ ဘိုကျော် (မြေအောက် လှုပ်ရှားတဲ့နာမည်)၊ ဦးစိန်၊ ခရမ်းကိုစိန်ဝင်း၊ သုံးခွ ကိုစိန်ဝင်း စသဖြင့် ခေါ်ကြပါတယ်။ သူဟာ အလယ်တန်း ကျောင်းသားဘဝ ကစ ကျောင်းသားသမဂ္ဂ တာဝန်တွေယူ လှုပ်ရှားခဲ့ပြီး ထောင်ကျ၊ ကိုကိုးကျွန်းရောက် နောက်ဆုံး ၈၈၈၈ အရေးတော်ပုံကြီးမှာ ရန်ကုန်တိုင်း၊ သုံးခွမြို့သပိတ်ကို ဦးဆောင်ခဲ့လို့ စစ်အစိုးရရဲ့အဖမ်းခံရပြီး အင်းစိန်ထောင်မှာ ဝမ်းကိုက်ရော ဂါနဲ့ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်က ကွယ်လွန်သွားခဲ့တာ အခုဆို နှစ် ၃၀ ပြည့်ပြီပေါ့။ “ရန်ကြီးအောင်ဦးစိန်ဝင်းလို ထောင်တွင်း ကွယ်လွန်ခဲ့ကြသူများ" ရန်ကြီးအောင် ဦးစိန်ဝင်းလို စစ်အစိုးရရဲ့ ထောင်တွေထဲမှာ ကျဆုံးခဲ့ကြရသူတွေကတော့ စာရေးဆရာ မောင်သော်က၊ နီအောင်မေသု၊ ခရမ်းဦးတင်မောင်ဝင်း၊ ဦးမောင်ကို၊ ဦးခင်မောင်မြင့်၊ ဦးညိုဝင်း၊ ကိုသက်ဝင်းအောင်၊ ဦးသိန်းတင်၊ မုံရွာ တင်ရွှေနဲ့ ဗိသုကာဦးကျော်မင်းတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားဉီးရေ ၃၀၀ ဝန်းကျင်ရှိတယ်လို့ အေအေပီပီ တာဝန်ရှိ သူကပြောပါတယ်။ ဒီလို ထောင်တွင်းမှာ ကောင်းကောင်း ဆေးကုသခွင့်မရလို့ ဆုံးပါးခဲ့ကြသူတွေအကြောင်းကို နိုင်ငံရေး အကျဉ်းသား ဟောင်း စာရေးဆရာ မောင်ဝံသက အခုလို ရေးခဲ့ပါတယ်။ “ယခု ကျွန်တော် စင်ကာပူမှာ ဆေးကုသခံယူနေချိန်မှာ သတိအရဆုံးက ထောင်ထဲမှာ လုံလောက်တဲ့ ကုသမှုမရခဲ့ကြရှာဘဲ ကျဆုံးသွားခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုပဲ ဖြစ်ပါတယ်။ ဆရာဦးခင်မောင်မြင့်၊ ရန်ကြီးအောင် ကိုစိန်ဝင်း (သုံးခွ)၊ မုံရွာ ဦးတင်ရွှေ၊ ဆရာမောင်သော်က၊ ခရမ်းကိုတင်မောင်ဝင်း၊ ရန်ကုန်တိုင်း ဦးသိန်းတင် (တင်သိန်းမောင်)၊ ဗိသုကာ ဦးကျော်မင်း စသူတွေကို မြင်ယောင်နေမိတယ်။ ရန်ကြီးအောင် ကိုစိန်ဝင်းဆိုရင် တွဲဘက်ထောင်မှာ ကျွန်တော့်ရှေ့မှာတင် အသည်းရောဂါနဲ့ မရှုနိုင်မကယ်နိုင်အချိန်ကျမှ ဆေးရုံပို့တယ်။ ခရမ်း ကိုတင်မောင်ဝင်းက ရေကြည်အိုင်မှာ ကျွန်တော်တို့ အတူနေရစဉ် ကတည်းက သွေးဝမ်းတွေသွားနေပြီ။ အင်းစိန်ထောင်ရောက်တော့ ဗိသုကာ ဦးကျော်မင်းရယ်၊ ကိုတင်မောင်ဝင်းရယ်၊ ကျွန် တော်ရယ် တခန်းတည်း နေကြရသေးတယ်။ အဲဒီအချိန်မှာ ကိုတင်မောင်ဝင်း မလှုပ်နိုင်လောက်အောင်ဖြစ်နေပါပြီ။ ကျွန်တော် သူ့ကို ကျောတွေ ပေါင်တွေ တက်တက်နင်းပေးတယ်။ ဒီလိုနဲ့ သူအကြောတွေတက်နေတာ သက်သာရာ နည်းနည်းရ သပေါ့။ သုံးယောက်ပေါင်းက တနေ့နဲ့ တစ်ညလုံး ထုတ်ထားတဲ့ ချေးခွက် သေးခွက် ဂံဖလားတွေကို မနက်စောစော မိလ္လာချချိန်မှာ ကျော်မင်းနဲ့ ကျွန်တော်က အပြင်မှာ သွားသွန်ကြရတယ်။ ရေမလုံလောက်လို့ သေချာမဆေးနိုင်တဲ့ ဂံဖလားတွေ ပြန်သွင်းလာရတယ်။ ရက်အတော်ကြာတော့ ကျွန်တော်တို့ကို လူချင်းခွဲ တနေရာစီ တခန်းစီထားတယ်။ ကိုတင်မောင်ဝင်းကို တနေ့မနက်မှာ ထမ်းစင်ကြီးနဲ့တင်ပြီး ထောင်ဆေးရုံပို့တယ်။ မကြာပါဘူး။ ဆုံးသွားပြီလို့ သတင်းကြားရပါတယ်။ ဆရာ မောင်သော်ကကို ၁၉၉၁ အင်းစိန်ထောင်မကြီးမှာ သူက ၂ တိုက်၊ ကျွန်တော်က ၃ တိုက်မှာရှိကြစဉ် ဆရာ ရေချိုးထွက်တာကို လှမ်း နှုတ်ဆက် လိုက်ရသေးတယ်။ နေ့လည်ကျတော့ ဦးနှောက်သွေးကြောပြတ်လို့ ဆေးရုံပို့လိုက်ပြီတဲ့။ နောက်နေ့ကျတော့ ဆုံးသွားပြီတဲ့။ ၁၉၉၆ မှာ ကျွန်တော်တို့ ပုဒ်မ ၁၀ (က) နဲ့ ပြန်ဝင်ရတော့ တွဲဘက်ထောင် ကျွန်းတိုက်မှာ အတူနေတဲ့ထဲက ကိုတင် သိန်းမောင် အသည်းရောဂါနဲ့ အချိန်လွန်မှ ဆေးရုံတင်လို့ ဆုံးရှာတယ်။ ဗိသုကာ ဦးကျော်မင်းလဲ ဆေးရုံတင်ပြီး ကုလို့မရတဲ့ အခြေအနေ ရောက်တော့ ပြန်လွှတ်ပေးတယ်။ အပြင်မှာဆုံးသွားတယ်လို့ ကြားရပါတယ်။” “ရန်ကြီးအောင်စိန်ဝင်းရဲ့ ကျောင်းသားအရေး လှုပ်ရှားမှုတွေ” ဦးစိန်ဝင်းကို အဖ ဦးအောင်ပွင့်၊ အမိဒေါ်ရွှေခင်တို့က ၁၉၃၅ ခုနှစ် ဇူလိုင် ၃၁ (၁၂၉၇ ခု ဝါခေါင်လဆန်း ၂ ရက်) မှာ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ ရန်ကြီးအောင်ရွာ နားက စွယ်တော်ချောင်ရွာမှာ မွေးတယ်။ နောက်မှ ရန်ကြီးအောင်ရွာကို ပြောင်းနေတယ်။ ၁၉၄၇-၄၈ ဦးစိန်ဝင်းဟာ သုံးခွမြို့ မှာ ကျောင်းနေချိန် အထက်တန်းကျောင်း ကျောင်းသားသမဂ္ဂက သူ တက်နေတဲ့ “ဆရာဦးထွန်းဝင်း မူလတန်းကျောင်း” ကို သမဂ္ဂလာဖွဲ့တဲ့အခါ ဦးစိန်ဝင်းဟာ အတွင်းရေးမှူး ဖြစ်လာတယ်။ ၁၉၅၁-၅၂ မှာ သူဟာ သုံးခွမြို့နယ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ဖြစ်လာပြီး ၁၉၅၁ ခုနှစ် သံလျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွတို့ ပါဝင်တဲ့ ဟံသာဝတီခရိုင် ကျောင်းသားသမဂ္ဂဖွဲ့စည်းတော့ ဦးစိန်ဝင်း အတွင်းရေးမှူး ဖြစ်လာတယ်။ ၁၉၅၂ ခုနှစ် (ဗကသ) ညီလာခံကို ဟံသာဝတီခရိုင် ကိုယ်စားလှယ်အဖြစ် ဦးစိန်ဝင်း တက်တယ်။ ၁၉၅၄ ဇန်နဝါရီ ၁ ရက် တက္ကသိုလ် ရိပ်သာလမ်း၊ ဝေဠုဝန်ကျောင်းတိုက်မှာလုပ်တဲ့ ဗကသ ညီလာခံကိုလည်း ခရိုင်ကိုယ်စားပြု တက်ခဲ့တယ်။   “တက္ကသိုလ်ကျောင်းသား သမဂ္ဂ လှုပ်ရှားမှုများ” ဦးစိန်ဝင်း ၁၉၅၉ မတ်လ တက္ကသိုလ်ဝင် စာမေးပွဲ အောင်တယ်။ ၁၉၅၆-၅၇ ရန်ကင်းကောလိပ်မှာ ဥပစာသိပ္ပံ(က) ဘူမိဗေဒ ဘာသာနဲ့တက်တယ်။ ရန်ကင်း ကောလိပ်အဆောင်များ သဟာယနှင့် စာဖတ်အသင်း  ဥက္ကဋ္ဌ ဖြစ်လာတယ်။ ထူးခြားချက်က စိန်ပေါကျောင်းသားတွေနဲ့ ပဲခူးကျောင်းသားတွေ ပြဿနာကို ဖြေရှင်းနိုင်ခဲ့တယ်။ နောက်နှစ် ရန်ကုန်တက္ကသိုလ်ရောက်တယ်။ ဝိဇ္ဇာတွဲ ပြောင်းလိုက်တယ်။ ပင်းယဆောင်မှာ နေတယ်။ ပင်းယဆောင် သဟာယနှင့် စာဖတ်အသင်း အတွင်းရေးမှူး ဖြစ်လာတယ်။ ၁၉၅၈ မှာ ကိုစိန်ဝင်းနဲ့ ကိုတင်မောင်ဝင်း (ခရမ်း) တို့ဟာ ကချင်ပြည်နယ်သွားပြီး ဗကသ စည်းရုံးရေး တလ လုပ်ခဲ့ တယ်။ ၁၉၅၈ ဩဂုတ် ၈ ကနေ ၁၃ အထိ ပြည်ထောင်စုမြန်မာနိုင်ငံ ကျောင်းသားများ ပညာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲကြီး  ကိုယ်စားလှယ်အနေနဲ့ သူတက်တယ်။ “ဦးနေဝင်း ပထမဆုံး အာဏာသိမ်းကို ဆန့်ကျင်ပွဲနဲ့ ကိုစိန်ဝင်း တကသ ဒုဥက္ကဋ္ဌ” ၁၉၅၈ စက်တင်ဘာ ၂၆ သန့်ရှင်း ဖဆပလဝန်ကြီးချုပ် ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာပေးလိုက်ရတယ်။ ကိုစိန်ဝင်း တို့ ဗကသ၊ တကသ၊ ရကသ တပ်ဦးကျောင်းသား အဖွဲ့တွေက စစ်တပ်က အာဏာသိမ်းတာသာဖြစ်လို့ အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း စည်းဝေးဆုံးဖြတ်ပြီး ကား နှစ်စီးနဲ့ ရန်ကုန်မှာ လှည့်လည် ဆန္ဒပြကြတယ်။ ၁၉၅၈ ခုနှစ်မှာပဲ ကိုစိန်ဝင်းဟာ တကသ ဒုဥက္ကဋ္ဌ အဖြစ် ပြိုင်ဘက်မရှိ အရွေးကောက်ခံရတယ်။ ၁၉၆၀ အောက်တိုဘာ ၂၀- ၂၄ ဗကသ ညီလာခံကို ကိုစိန်ဝင်း တက်တယ်။ အဲ့ဒီအချိန် သူဟာ တကသ ဒုဥက္ကဋ္ဌ မဟုတ်တော့ဘူး၊ ဗကသ အမှုဆောင်သာ ဖြစ်တယ်။ “တရုပ်ဖြူအရေး အမေရိကန်သံရုံဆန္ဒပြပွဲမှ ခါးကြီးစိန်ဝင်း” တပ်ပြေးတရုပ်ဖြူ (ကေအမ်တီ)တွေ ရှမ်းပြည်ကို ကျူးကျော်ဝင်လာလို့ ဗမာ့တပ်မတော်က တိုက်ထုတ်တယ်။ ၁၉၆၀ ဖေဖော်ဝါရီ တရုတ် ရိက္ခာပို့ အမေရိကန်လေယာဉ်ကို မြန်မာလေတပ်ကတိုက်တော့ မြန်မာဖက်က လေယဉ်ပျက်ကျပြီး လေယာဉ်မှူး ဗိုလ်ပီတာ ကျဆုံးခဲ့တယ်။ အမေရိကန်တပ်ကို ကျောင်းသားတွေ မကျေနပ်တာကြောင့် ၂၁- ၂- ၁၉၆၀ မှာ ကျောင်းသားသမဂ္ဂ ကြီးမှူးပြီး ကိုလိုနီစံနစ် ဆန့်ကျင်ရေးနဲ့ ကူမင်တန်ကျူးကျော်တာကို ဆန္ဒပြပွဲ အမေရိကန်သံရုံးရှေ့မှာ လုပ်တယ်။ ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တယ်။ နံပတ်တုတ်နဲ့ ရိုက်တယ်။ ကျောင်းသားခေါင်းဆောင် ရန်ကြီးအောင် စိန်ဝင်းနဲ့ ကိုတင်အောင်မြင့်တို့ အပါအဝင် ကျောင်းသားတွေ ဒဏ်ရာရတယ်။ ကိုစိန်ဝင်းက ခါးကို ပြင်းပြင်းထန်ထန် တုတ်ချက်ထိခဲ့လို့ နှစ်ပေါင်းများစွာ ခါးဒုက္ခခံစားခဲ့ရတယ်။ ခါးမှာ ဆေးခါးပတ် အဝတ်ထူကြီး အမြဲပတ်ထားရပြီး ခါးကြီးစိန်ဝင်းဘွဲ့ ရသွားတယ်။ သူဟာ ဘောလုံးလက်ရွေးစင်ဖြစ်ခဲ့လို့ ရန်ကြီးအောင်ရွာသားလည်းဖြစ်လို့ သူ့ကို ရန်ကြီးအောင်လို့ ခေါ်ရာက ကျောင်းသားခေါင်းဆောင် ရန်ကြီးအောင်စိန်ဝင်း ဖြစ်ခဲ့သလို ခါးကြီးစိန်ဝင်းလို့လဲ ခေါ်ကြတယ်။ “၁၉၆၂ ဇူလိုင် ၇ ရက် အရေးတော်ပုံနဲ့ တကသယူနီယံကြီးအား ဗုံးခွဲဖျက်ပွဲ” ၁၉၆၂-၆၃ စာသင်နှစ်မှာ ခါးဒဏ်ရာကြောင့် ကိုစိန်ဝင်း ကျောင်းမတက်နိုင်ပါ။ ဆေးရုံတက်နေရတယ်။ သုံးခွအိမ်မှာ ပြန်နားနေ တယ်။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်မှာ ရန်ကုန်တက္ကသိုလ် သွေးမြေကျ အရေးအခင်းဖြစ်တယ်။ ၇-၇-၆၂ မနက် ၁၁ နာရီ တကသ ခန်းမမှာ တင်းကျပ်တဲ့ အဆောင်စည်းကမ်းတွေ ကန့်ကွက်ပွဲ ကျင်းပတယ်။ နောက် တက္ကသိုလ်ဝန်းအတွင်း လှည့် ဆန္ဒပြတယ်။ ဆန္ဒပြအပြီး နားနေချိန် ရဲတွေက တ.က.သ ဥက္ကဋ္ဌ နဲ့ ဗကသဥက္ကဋ္ဌ အပါအဝင် ခေါင်းဆောင်တွေကို ဝင်ဖမ်းသွားတယ်။ ကျောင်းသားထုက မခံမရပ်နိုင်ဖြစ်ပြီး ရဲတွေကို ခဲနဲ့ပေါက်တယ်။ လူအုပ်များလာပြီး ပါမောက္ခချုပ် အိမ်ဝန်းထဲက ကား ၂ စီး မီးရှို့လိုက်တယ်။ ညနေ ၆ နာရီ စစ်တပ်ဝင်လာပြီး ပစ်ခတ်တယ်။ နောက်နေ့ အစိုးရ သတင်းစာမှာ သေသူ ၁၆ ဦး၊ ဒဏ် ရာ ၄၂ ဦး၊ ဖမ်းမိသူ ၂၁ ဦးလို့ ဖော်ပြတယ်။ တကယ်သေတာ ကျောင်းသား ၁၀၀ ကျော်လို့ ခန့်မှန်းကြတယ်။ နောက်နေ့ ၈- ၇- ၆၂ မှာ သမဂ္ဂ အဆောက်အအုံကို ဗုံးခွဲဖျက်ဆီးလိုက်တယ်။ “၁၉၆၃ နိုဝင်ဘာ ၂၇ ကျောင်းသားများ၏ ပေါက်ကွဲမှု” ၁၉၆၃ နိုဝင်ဘာ ၂၇ သမိုင်းခြည်စက်မှာ အလုပ်သမားထု အစိုးရ ထောက်ခံပွဲ ကျင်းပတယ်။ ထောက်ခံပွဲပြန်ကားတွေကို ရန်ကုန်တက္ကသိုလ်နားမှာ တားဆီးပြီး ကျောင်းသားတွေက ဦးနေဝင်းအစိုးရရဲ့ ၇ ဇူလိုင် အရေးအခင်း သတ်ဖြတ်ပုံကို အပြစ်တင် ပြောပြကြတယ်။ ဒီမှာ ကျောင်းသားနဲ့ ပွဲပြန်လာသူတွေ ရုန်းရင်းဆန်ခတ်ဖြစ်တယ်။ ကျောင်းတွေပိတ်လိုက်တယ်။ ၆၃ ဒီဇင်ဘာအရေးအခင်းလို့လဲ ခေါ်ကြတယ်။ ကျောင်းပိတ်တာကို ကန့်ကွက်ပြီး ကိုစိန်ဝင်းခေါင်းဆောင် သပိတ်ဆက်မှောက် နေတယ်။ ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းတယ်။ ကိုစိန်ဝင်းလွတ်သွားပြီးတိမ်းရှောင်နေရာက ၁၉၆၆ ခု မတ်လ ၅ ရက် စက်ဆန်းရပ်မှာ အဖမ်းခံရတယ်။ သူ့ဟာ တောခို လက်နက်ကိုင်ဖို့ ရှိပေမဲ့ ခါးဒဏ်ရာကြောင့် ပုန်းနေခဲ့ရတာပါ။ “အင်းစိန်ထောင် ငရဲခန်းမှာ” ကိုစိန်ဝင်းကို ဖမ်းတာ မိသားစုမသိပါ။ နောက်နေ့ ကြေးမုံသတင်းစာမှာ ပါလာမှ သိကြရတယ်။ သူ့ကို စစ်ဆေးတဲ့အခါ တခြား နိုင်ငံရေးသမားတွေလို ရိုက်နှက်၊ အိပ်ခွင့် မပေး၊ နာရီပေါင်းများစွာ အနားမပေးပဲ စစ်ခဲ့တယ်။ နောက်တော့ အင်းစိန်ထောင်ပို့ လိုက်တယ်။ သူ့ကို အများနဲ့ တွဲထားသလို တဦးတည်း ထောင်တွင်း တိုက်ပိတ်ထားတဲ့ ကာလတွေလဲ ရှိခဲ့တယ်။ နောက်တော့ သူနဲ့တကွ နိုင်ငံရေး အကျဉ်းသား ၂၃၀ နာမည်ကျော် ကိုကိုးကျွန်းကို ပို့လိုက်တယ်။ “ကိုကိုးကျွန်း” ရေးသူ- ရန်ကြီးအောင် လေးတန်လေးဘက်၊ ရေပတ်လည်ဝိုင်း၊ ကျွန်းရိုင်းကလေး၊ ထွက်ပြေးစရာ၊ မရှိပါဘူး၊ ဘယ်မှာကြည့်ကြည့်၊ မြင်သည့်အရာ၊ ရေချည့်ပါပဲ၊ ဗမာပြည်မ၊ ဆိုတာကလဲ၊ မှုန်ပြပြတောင်၊ မြင်ယောင်နိုင်တာ မဟုတ်ပါဘူး၊ မိုင်ပေါင်းရာကျော်ဝေးပါတယ်။ . . . . . . . ဒါတွေကြောင့်၊ စိတ်ဓါတ်ကျပြီး၊ နောင်တရမယ်ထင်သလား။ ဝေးပါသေးရဲ့ ၊ တေးတကြော်ကြော်၊ ကြွေးကြော်သံတွေတအော်အော်နဲ့၊ ပျော်နေကြပုံတွေကို၊ ငတ်ကြပြတ်ကြ၊ ပင်ပမ်းကြနဲ့၊ စိတ်ဓါတ်ကျမှာပဲ၊ ထင်တခွဲနဲ့၊ ပင်လယ်ထဲပို့လိုက်တဲ့၊ နေဝင်းတို့များမြင်ရင်၊ ထိုင်တောင်ငိုမလားပဲ။ ။ ဧပယ် ၃၀၊ ၁၉၆၉ ကိုကိုးကျွန်းရောက်စကာလ “ကိုကိုးကျွန်းအကျဉ်းသား" ၁၉၆၉ ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကို ကိုကိုးကျွန်း ပို့တယ်။ ကျွန်းကော်မတီခေါင်းဆောင် ၁၂ ဦးထဲမှာ ရဲဘော်စိန်ဝင်း ပါဝင်တယ်။ ကျွန်းပေါ်မှာ ၇ ရက်ကြာ အစာငတ်ခံ ငါးပိပုပ် တိုက်ပွဲ။ ရဲနီတင်ငြိမ်း သေဆုံးပြီး ရက် ၄၀ အစာငတ်ခံတိုက်ပွဲနဲ့ ၅၃ ရက်ကြာ ကျွန်းဖျက်သိမ်းရေး အစာငတ်ခံတိုက်ပွဲတွေ လုပ်ခဲ့တယ်။ ၉- ၆- ၁၉၇၁ စတင်ပြီး ၆- ၈ - ၁၉၇၁ ပြီးဆုံးခဲ့တဲ့ ၅၃ ရက်ကြာပွဲကို ရဲဘော်စိန်ဝင်း ခေါင်းဆောင်ပါဝင်တယ်။ အစာငတ်ခံ ၅၃ ရက်ပြီးတော့ ကျွန်းဖျက်သိမ်းခွင့်ရပေမဲ့ ရဲဘော် ၈ ဦး ကျဆုံးခဲ့တယ်။ ကျဆုံးရဲဘော် ၈ ဦးပုံတွေ သူ့မှန်ဘီဒိုမှာ အမြဲကပ်ထားပြီး ဘဝတသက်လုံး ဂုဏ်ပြုသွားခဲ့တယ်။ ရဲဘော်စိန်ဝင်းကတော့ သတိမေ့မြောသွားတယ်။ ဆေးကုလို့ အသက် မသေပေမဲ့ အာရုံကြောပျက်စီးပြီးချိနဲ့သွားတယ်။ လမ်းမလျှောက်နိုင် လက်တွေတုန်ပြီး မျက်စေ့လည်း မကောင်းတော့ဘူး။ သေရာပါအထိပဲ။ နောက်ထပ် ၃ လ လောက်ကြာ ၁၉၇၁ နိုဝင်ဘာမှာ သူတို့ကို အင်းစိန်ထောင် ပြန်ပို့တယ်။ “ရန်သူအပေါ်ပြတ်သားသူ ရန်ကြီးအောင်စိန်ဝင်း” စစ်ကြောရေးကာလမှ သူ့ကို ရာထူးကြီးကြီးပေးမယ်။ နိုင်ငံရေး၊ ကျောင်းသားအရေးတွေ ဆက်မလုပ်ဖို့ အစိုးရက ကမ်းလှမ်းတာကို ဦးစိန်ဝင်း ငြင်းခဲ့တယ်။ သူ့စကားက “ရန်သူက ပေးတာ ကျွေးတာ ဘာမှမယူဘူး။ ရန်သူပေး အခွင့်အရေးဟာ ပြည်သူကို သစ္စာဖောက်ရမှာပဲ ဖြစ်တယ်။ ပြည်သူအပေါ် ဘယ်တော့မှ ငါ သစ္စာ မဖောက်ဘူး။” သူရှိတဲ့ အင်းစိန်ထောင်ကို ကွန်မြူနစ်ပါတီက လက်နက်ချ ရဲဘော်မြ၊ ရဲဘော် ဘခက်တို့လာပြီး ယုံကြည်ချက်စွန့်လွှတ်ဖို့ ဆွေးနွေးခဲ့တယ်။ ဦးစိန်ဝင်းက လက်နက်ချသမားတွေနဲ့ မဆွေးနွေးဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့တယ်။ “သွေးနည်းတဲ့ ပုစွန်လို ကောင်မျိုးတွေ ကျောရိုးမဲ့တဲ့ မျှော့လို ကောင်မျိုးတွေ။” လို့ သူ အမြဲရေရွတ်လေ့ ရှိတယ်။ နောက်တခုက ဦးစိန်ဝင်းရဲ့ ငယ်ရီးစားလိုလို၊ အမျိုးသမီး သူငယ်ချင်းလိုလို တယောက် အင်းစိန်ထောင်ထဲမှာ လာတွေ့တာပါ။ သူတို့ လက်ထပ်ကြမယ်။ သူတို့ နိုင်ငံခြားမှာ သွားနေကြမယ်လို့ တောင်းဆိုတယ်။ ညှိတယ်။ အဆုံးမှာ အဲ့သည် အမျိုးသမီးလည်း ငိုပြီးပြန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားတွေက ပြောပြကြတယ်။ ထောင်ကလွှတ်ချိန် ထောင်အရာရှိက လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းတာကို ဦးစိန်က လက်မခံဘူး။ လက်ကို နောက်ပြစ်ကိုင်ထားတယ်။ “သူ့လက်ဝါးက ငါ့ကိုရိုက်ထားတဲ့ လက်ဝါး”လို့ပြောခဲ့တယ်။ ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်)ရဲ့ “သူ့လက်ဝါးမှာ ငါ့ပါးရာကြီး” ဆိုတဲ့ ကဗျာအတိုင်းပါပဲ။    “၈၈၈၈ သပိတ်တိုက်ပွဲနဲ့ ဦးစိန်ဝင်း” ၈၈၈၈ ကာလမှာ သူဟာ ရန်ကုန်တိုင်း သုံးခွမြို့နယ် သပိတ်ကို ဦးစိန်ဝင်း ဦးဆောင်ခဲ့တယ်။ သူ့ရဲ့ ဦးဆောင်မှုကြောင့် စံနစ်တကျ အောင်အောင်မြင်မြင် ဖြစ်ခဲ့တယ်။ ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် စစ်အာဏာသိမ်းတဲ့ အခါ သူဟာ လျှို့ဝှက်နေ ထိုင်နေရာက ဖမ်းမိသွားတယ်။ အင်းစိန်ထောင်ပို့ပြီး သူ့ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲတယ်။ အပြင်းအထန် နှိပ်စက်ခံရ တယ်။ သူ့အသက် ၅၄ နှစ်ရှိလာပြီ။ ကိုကိုးကျွန်းကာလလို ပျိုရွယ်ချိန် မဟုတ်တော့။ အာဏာပါးကွက်သားတွေရဲ့ ရိုင်းပြ လူမ ဆန်တာတွေကို ဦးစိန်ဝင်း ကြံ့ကြံ့ခံခဲ့တယ်။ တခြားသူတွေနဲ့ ရောနှော နေထိုင်ကြချိန်ဆိုရင်သူက နိုင်ငံရေး အကျဉ်းသားတွေ ကို စိတ်ဓာတ်ကြံ့ခိုင်ဖို့ အားပေးတယ်။ နိုင်ငံရေး ဗဟုသုတတွေ၊ နိုင်ငံရေး သဘောတရားတွေ ပို့ချတယ်။ “ကိုကိုးကျွန်းပြန် မန်းငြိမ်းမောင်နဲ့ ဦးစိန်ဝင်း” စာရေးဆရာ ထက်မြက်က ဦးစိန်ဝင်းအကြောင်း ရေးပြီး သူ့ရဲ့ “ကျွန်တော်လေးစားချစ်ခင်ရသူများ” စာအုပ်မှာ ထည့်သွင်း ထုတ်ဝေ ထားတယ်။ ဆရာဖိုးသံချောင်းကလည်း ကိုကိုးကျွန်းက ဟောပြောပွဲတွေမှာ ခါးကြီးစိန်ဝင်း ခေါ် ရန်ကြီးအောင်စိန်ဝင်းက ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံ အကြောင်းကို ရှင်းလင်းပြောလေ့ရှိတယ်လို ရေးသားခဲ့တယ်။ လှေစီးပြေး ကျွန်း ပြန်ကြီး မန်းငြိမ်းမောင်ကလည်း အခုလို ရေးခဲ့တယ်။   “ဗကသ ကျောင်းသားခေါင်းဆောင် ကိုစိန်ဝင်းမှာ ၁၉၅၈ ခုနှစ် ကျောင်းသားဆန္ဒပြပွဲတွင် ပုလိပ်က နံပတ်တုတ်ဖြင့် ရိုက်သောကြောင့် ခါးရိုးကျိုးသွားပြီး ခါးမှာ မသန်စွမ်းတော့ပါ။ သူ၏ခါးကို ထိန်းထားသည့် ခါးပတ်ပြားကြီးတခုကို အမြဲဆောင်ထားရပါ သည်။ သည့်အတွက် သူ့ကို ခါးကြီးကိုစိန်ဝင်းဟု ခေါ်ကြပါသည်။ (၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ လူထုအုံကြွမှုတိုက်ပွဲကြီးတွင် ခေါင်းဆောင်ခဲ့မှုကြောင့် နဝတ၏ ဖမ်းဆီးမှုကိုခံခဲ့ရပြီး အင်းစိန်ထောင်တွင် ညှဉ်းပန်းသတ်ဖြတ်ခံခဲ့ရသည်) ကျွန်းမှပြန်လွတ် လာပြီးနောက် သူ၏ဇာတိ တညင်တွင် ကျူရှင်ဆရာ လုပ်ခဲ့ပါသည်။ ၈၈ ခုနှစ် ကျောင်းသား လူငယ်များ တော်လှန်ရေးနယ် မြေသို့ရောက်ရှိလာခဲ့ရာ ဦးစိန်ဝင်း၏တပည့် ကျောင်းသားလူငယ်များ အတော်များများကို တွေ့ရှိခဲ့ရပါသည်။ ကွယ်လွန်သွားခဲ့ သည့် လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့်လည်း ဇာတိရပ်တူဖြစ်ပါသည်။ ဥက္ကဋ္ဌ ဦးမြင့်ဇော်နှင့်လည်း အတော်ရင်းနှီးကြောင်း ဦးမြင့်ဇော် ပြန်လည်ပြောပြပါသည်။ ၈၈ ခုနှစ် အရေးတော်ပုံတွင် ဦးမြင့်ဇော်တို့နှင့် အတူတကွ လှုပ် ရှားတိုက်ပွဲဝင်ခဲ့ကြောင်း သိရပါသည်။ ကျနော် ထောင်မှပြန်လွတ်လာပြီးနောက် တော်လှန်ရေးနယ်မြေသို့ ထွက်ခါနီးဆဲဆဲ ရက်ပိုင်းတွင် ခါးကြီးကိုစိန်ဝင်းနှင့် မမျှော်လင့်ဘဲ ရန်ကုန်တနေရာတွင် ပြန်တွေ့ကြရာ တဦးနှင့်တဦး ဝမ်းသာအားရ ပွေ့ဖက် နှုတ်ဆက်ကြပါသည်။ သူ့ခါးကိုဖက်ရင်း သူသွားမည့်နေရာသို့ ဖြည်းဖြည်း လမ်းလျှောက်ခဲ့ကြပါသည်။ “ကိုစိန်ဝင်းရေ၊ ကျနော် တို့ နောက်ကို တယောက်နဲ့တယောက် ပြန်တွေ့ကြဖို့ မလွယ်တော့ဘူး ထင်တယ်၊ ကျနော် ခရီးရှည်တခု ထွက်စရာရှိတယ်။ ကျနော် နှုတ်ဆက်ခဲ့တယ်ဗျာ၊ ကျွန်းမှာတုန်းက ကျနော်နဲ့ပတ်သက်ပြီး စိတ်မသက်မသာဖြစ်ခဲ့တာရှိရင်လည်း ကျနော် တောင်းပန်ပါတယ်ဗျာ” သူက ... “ကျနော် နားလည်ပါတယ်ဗျာ၊ ကျနော်တို့ဟာ ရဲဘော်ရဲဘက်တွေပဲ။ ခင်ဗျားရဲ့ ရဲဘော်ရဲ ဘက်စိတ်ဓာတ်ကို ဖော်ပြခဲ့တဲ့သူပဲ” ကျနော်တို့ နှုတ်ဆက်ခွဲခွာခဲ့ကြပါသည်။ သူနှင့်နောက်ဆုံးအကြိမ် တွေ့ခဲ့ကြခြင်းလည်း ဖြစ်ပါသည်။” ရဲဘော်ရှောင်း(မန်းငြိမ်းမောင်)ရဲ့ မုန်တိုင်းကိုဆန်၍ ပင်လယ်ကို ဖြတ်သောအခါ (၂၉) ဆောင်းပါးမှ “ဒီမိုကြယ်စင် သို့မဟုတ် ရန်ကြီးအောင်(သုံးခွ)” သူ့ဘဝတကိုယ်ရေ၊ အနေရှင်းရှင်း အရင်းအမြတ်၊ မတွက်တတ်သူ ယူချင်တာမရှိ၊ ပေးဆပ်ဖို့သတ္တိ အပြည့်ရှိတဲ့သူရဲကောင်း။ သည်မြေခရီး ဒီမိုလမင်းကြီးမလင်းခင် ကြယ်စင်ကြွေသွားတာ အော်…နှစ်(၃၀)ရှိပါပကော။ ။ (တမာမြေမောင်လူမင်း) ၁၉၈၈ ဒီဇင်ဘာမှာ အင်းစိန်ထောင်ထဲ ဝမ်းကိုက်ရောဂါတွေ ဖြစ်တယ်။ ဦးစိန်ဝင်းကူးတယ်။ ဝမ်းကိုက်တာကို ပိုးသတ်ဆေး မတိုက်တာကြောင့် ရောဂါကျွမ်းပြီး သေရတာပါ။ ဝမ်းရပ်ဆေးသာတိုက်လို့ ရောဂါပိုးတွေ ပျံ့နှံ့ပြီး ပိုဆိုးခဲ့တယ်။  ၁၉၉၁ ဇန်နဝါ ရီ ၂ ရက် အင်းစိန်ဆေးရုံပို့တယ်။ ပို့တော့လည်း သာမန် ထောင်ကား အမိုးမပါပေါ်မှာ ပက်လက် (အစောင့်မပါ) တင်သွားတယ်။ ဒါကို ထောင်ဝင်စာသွားတွေ့တဲ့ ဦးစိန်ဝင်းရဲ့အစ်ကို ဦးမြသန်းနဲ့ အစ်မ ဒေါ်နှင်းစိန်တို့က အထဲက ဒေါ်နှင်းစိန် တွေ့တော့ “ငါ့မောင်လေး“ဆိုပြီး ငိုယို ကားပေါ်ကုပ်ကပ်တက် လိုက်သွားတယ်။ ဦးစိန်က သတိရတချက် မရတချက်။ ဆေးရုံဘေးမှာ ကားပေါ်ကနေ ဒီအတိုင်း ချထားခဲ့တယ်။ ဦးစိန်ဝင်း သတိလည်လာပြီး ထောင်နားမှာနေတဲ့ ကဗျာဆရာကြီး (ဦး)တင်မိုးကို ခေါ်ခိုင်းတယ်။ ဦးတင်မိုးက ဆေးရုံတင်တယ်။ ဦးစိန်ဟာ ဝမ်းကိုက်ပိုးကြောင့် ဗိုက်တွေရောင်ရမ်း ရောဂါမချိမဆန့် ခံနေရပေမဲ့ အပြုံးမပျက် အကို အမတွေကို စကားပြောတယ်။ ၁၉၉၁ ဇန်နဝါရီလ ၈ ရက်မှာ ခွဲစိတ်ကုသပေမဲ့ မအောင်မြင်ဘူး။ ည ၁၀ နာ ရီ ကွယ်လွန်တယ်။ သေချိန်အထိ သံခြေကျင်း မဖြုတ်သေးပါ။  ကြံတောမှာ သူ့ရဲ့ သက်မဲ့ခန္ဓာကို ထားပြီး ၁ဝ- ၁- ၁၉၉၁ မှာ ကျောင်းသားလူငယ် ၃ ဖွဲ့က ပိုစတာကပ်၊ ပန်းခွေချ ခွပ်ဒေါင်းအလံအုပ် အလေးပြုပြီး မီးသဂြိုဟ်ခဲ့တယ်။ အရိုးပြာကို သုံးခွသုသာန်မှာ ဂူသွင်းတယ်။ ဆရာဦးတင်မိုးက “သူရဲကောင်းကျောက်တိုင်” ကဗျာကိုရေးခဲ့တယ်။ ယပ်တောင်မှာ ကဗျာကို ပုံနှိပ်ထားတာကို ရက်လည်ဆွမ်းကြွေးမှာ ဝေငှခွင့်မရ ထောက်လှမ်းရေးကသိမ်းတယ်။ လူကိုသေစေ၊ သံကြိုးတွေနှောင်၊ ကဗျာတောင်မှ၊ ထပ်ဖမ်းကြသေး၊ ထောက်လှမ်းရေးများ၊ မတရားလုပ်၊ မိုက်ဇာတ်ထုပ်တွေ၊ ရပ်ကြပေတော့လို့ ရန်ကြီးအောင်(ဦး)စိန်ဝင်း ကျဆုံးနှစ် ၃၀ မှာ အော်ပြောလိုက်ပါတယ်ဗျာ။ ။ မောင်တူး
2 months Ago
Up