၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးခြေစစ်ပွဲ တတိယအဆင့် ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ထိုင်းအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ မန္တလေးမြို့မှာ လေ့ကျင့်ရေးအစီအစဉ်တွေ မနေ့က စတင်ပြုလုပ်နေပါတယ်။
မြန်မာအသင်းဟာ ပြိုင်ပွဲကြို ပြင်ဆင်မှုတရပ်အဖြစ် ထိုင်းအမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ မန္တလေးမြို့သို့ ဇန်နဝါရီ ၁၉ရက်က ရောက်ရှိခဲ့ပါတယ်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းက မန္တလေး ဘောလုံးအကယ်ဒမီလေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခဲ့ပြီး ညနေပိုင်းမှာတော့ ခြေစမ်း ပွဲယှဉ်ပြိုင်မယ့် မန္တလာသီရိအားကစားကွင်းမှာ လေ့ကျင့်ခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ရဲ့ ခြေစမ်းပွဲတွေကို ဇန်နဝါရီ ၂၅ ရက်နဲ့ ၂၈ ရက်နေ့တွေ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး လာရောက်ကြည့်ရှုမယ့် ပရိသတ်တွေအတွက် ကွင်းဝင်ကြေး အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
1 year Ago