ခြေစမ်းမည်

January 18, 2020

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ထိုင်းအသင်းနှင့် ခြေစမ်းမည်

၂၀၂၀ တိုကျို အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရေးအတွက် ယှဉ်ပြိုင်ရမယ့် တတိယအဆင့် ခြေစစ်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ နိုင်ငံတကာခြေစမ်းပွဲအဖြစ် ထိုင်းလက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ခြေစမ်းပွဲ ၂ ပွဲ ယှဉ်ပြိုင်ကစားမယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ ခြေစမ်းပွဲတွေကို မန္တလေးမြို့ မန္တလာသီရိ ဘောလုံးကွင်းမှာ ဇန်နဝါရီ ၂၅ နဲ့ ၂၈ ရက်နေ့တွေ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး အဲဒီခြေစမ်းပွဲတွေကို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၃ ရက်ကနေ ၉ ရက်အထိ တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အိုလံပစ် ခြေစစ်ပွဲ တတိယအဆင့်မှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနဲ့ အိမ်ရှင် တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရမှာပါ။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ကစားသမား ၂၈ ဦးနဲ့ စတင်ဖွဲ့စည်း လေ့ကျင့်နေပြီး ထိုင်းအသင်းနဲ့ ခြေစမ်းပွဲအတွက် ကစားသမား ၂၆ ဦးကို ပဏာမ ရွေးချယ်ထားကာ ယာယီနည်းပြချုပ်အဖြစ် လက်ထောက်နည်းပြ ဦးခင်မောင်ထွေးက တာဝန်ယူ လေ့ကျင့်ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ Photo : Myanmar Football Federation
1 year Ago
Up