ခြေချုပ်နေရာ

February 17, 2020

ဟောင်ကောင်ခေါင်းဆောင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ခြေချုပ်နေရာများသို့ သွားရောက်

ဟောင်ကောင် ခေါင်းဆောင် ကယ်ရီလမ်ဟာ ဟောင်ကောင်မြို့တွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာတွေကို တခြားလူတွေနဲ့ သီးခြားခွဲထားတဲ့ ရောဂါခြေချုပ်နေရာ အတော်များများဆီ ဖေဖော်ဝါရီ ၁၆ ရက်က သွားရောက်လည်ပတ်ပါတယ်။  ဒါဟာ အာရှရဲ့ ဘဏ္ဍာရေးမြို့တော်အတွင်း ကျန်းမာရေးလုပ်သားတွေကို ချီးကျူးဂုဏ်ပြုကြောင်း ပြသဖို့ ရည်မှန်းတယ်လို့ အစိုးရ ပြန်ကြားရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။  ဟောင်ကောင်အစိုးရဟာ လူနေရပ်ကွက်တွေအတွင်း သင့်တော်တဲ့နေရာကို ရှာရင်း အားလပ်ရက် အပန်းဖြေစခန်းတွေကို ရောဂါခြေချုပ်ဌာနအဖြစ် စသုံးနေတာပါ။ ဒီလုပ်ရပ်ဟာ အငြင်းပွားစရာ ဖြစ်လာပြီး ဆန္ဒပြပွဲတချို့ ပေါ်ပေါက်ခဲ့ပါတယ်။ ကယ်ရီလမ်ဟာ နယ်စပ်ဖြတ်ကူးမှု ထိန်းချုပ်ရေးစခန်းတွေဆီကိုလည်း သွားရောက် လည်ပတ်ပါတယ်။ ရောဂါခြေချုပ်နဲ့ နေရတဲ့လူတွေရဲ့ တည်နေရာကို စောင့်ကြည့်ဖို့ ရည်ရွယ်တဲ့ စက်ပစ္စည်း သုံးစွဲမှု သရုပ်ပြတာကိုလည်း သူက ကြည့်ရှုခဲ့ပါတယ်။ ဟောင်ကောင်ပြည်သူ အများအပြားဟာ ဗိုင်းရပ်စ်ကူးစက်မှု အကြောက်တရားအပေါ် အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို ဝေဖန်ပြစ်တင်ရင်း ဒေါသထွက်နေခဲ့ကြတာပါ။ ကျန်းမာရေးလုပ်သားတွေ အပါအဝင် ဟောင်ကောင်သားတချို့က ဗိုင်းရပ်စ် ကူးစက်မှု ပိတ်ဆို့ဟန့်တားဖို့ တရုတ်ပြည်မကြီးနဲ့ နယ်စပ်ကို ပိတ်ပစ်ဖို့ ဟောင်ကောင်အစိုးရကို ဆော်သြခဲ့ကြပါတယ်။ ဟောင်ကောင် အကြီးအကဲ ကယ်ရီလမ်က ဆော်သြချက်ကို ပယ်ချခဲ့ပါတယ်။
1 year Ago
Up