ခြိမ်းခြောက် ငွေတောင်းနေသူ

March 26, 2020

တောင်ကိုရီးယားတွင် လိင်ပိုင်းအမြတ်ထုတ် ခြိမ်းခြောက် ငွေတောင်းနေသူကို ထုတ်ဖော်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို အသည်းအသန် ရင်ဆိုင် အာရုံစိုက်နေရတဲ့ တောင်ကိုရီးယားနိုင်ငံမှာ အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ခြိမ်းခြောက် ငွေတောင်းနေတဲ့ ကွန်ရက်ကိစ္စက လူထုအော်သံ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ကွန်ရက်ခေါင်းဆောင်လို့ စွပ်စွဲခံရသူ အသက် ၂၄ နှစ်အရွယ် အမျိုးသားကို တောင်ကိုရီးယား ရဲတွေက မတ် ၂၅ ရက်မှာ ရှားရှားပါးပါး လူသိရှင်ကြား ထုတ်ပြလိုက်ပါတယ်။ သူ့နာမည်ကို ထုတ်ပြန်ဖို့ အာဏာပိုင်တွေကို တောင်ကိုရီးယား ပြည်သူ ငါးသန်းကျော်က အသနားခံစာမှာ လက်မှတ်ထိုး တောင်းဆိုခဲ့ကြအပြီး ချိုးဂျူဘင်းကို ဒီအမှုရဲ့ အဓိက သံသယရှိသူအဖြစ် ဖော်ထုတ်ခဲ့ပါတယ်။ သူကတော့ ဆိုးလ်မြို့တော် ရဲဌာန အပြင်ဘက်ကနေ ကျေးဇူးတင်စကား ပြောခဲ့တာပါ။ “ကျနော်ကိုယ်တိုင် မရပ်တန့်နိုင်ခဲ့တဲ့ မကောင်းဆိုးရွားဘဝကို အဆုံးသတ်ပေးခဲ့လို့ ကျေးဇူးတင်တယ်”လို့ သူက ပြောပါတယ်။ ဒါပေမဲ့ စွဲချက်တွေကို ဝန်ခံလားဆိုတဲ့ သတင်းထောက်တွေရဲ့ မေးခွန်းကို သူက မဖြေခဲ့ပါဘူး။ ချိုးဟာ အရွယ်မရောက်သေးတဲ့ မိန်းကလေး ၁၆ ယောက် အပါအဝင် အမျိုးသမီး ၇၄ ဦးထက် မနည်းကို ဖြားယောင်းပြီး အွန်လိုင်းပေါ်မှာ ကျွန်ပြုတဲ့ ကွန်ရက်ကို ဖွဲ့စည်းသူလို့ စွပ်စွဲ ခံထားရပါတယ်။ အလုပ်ခေါ်စာအတုတွေနဲ့ ကိုယ်လုံးတီးဓာတ်ပုံတွေ ပို့ခိုင်းပြီးတဲ့နောက် ခြိမ်းခြောက် ငွေတောင်းတဲ့နည်းနဲ့ ပိုအဆင့်နိမ့်ပြီး အကြမ်းဖက်တဲ့ လိင်မှုဆိုင်ရာ ဓာတ်ပုံတွေကို ကိုယ်တိုင်ရိုက်ကူး ပေးပို့ဖို့ ဖိအားပေးခဲ့တာမို့ ခေတ်သစ် အွန်လိုင်းကျွန်ပြုမှုလို့ အာဏာပိုင်တွေက ခေါ်ဝေါ် သတ်မှတ်ခဲ့ပါတယ်။ ချိုးဟာ ကလေးကာကွယ်ရေးအက်ဥပဒေ၊ ကိုယ်ရေးကိုယ်တာ လုံခြုံရေး အက်ဥပဒေ၊ လိင်မှု အလွဲသုံးစားလုပ်မှု အက်ဥပဒေနဲ့ ခြိမ်းခြောက်မှု၊ အလွဲသုံးစားမှု၊ အတင်းအကျပ် စေခိုင်းမှုတွေနဲ့ တရားစွဲခံထားရတယ်လို့ ရဲက ပြောပါတယ်။ ဒီအမှုမှာ စီစဉ်ညွှန်ကြားသူတွေကိုသာမက ညစ်ညမ်းဓာတ်ပုံတွေကို ကြည့်ဖို့ ဝမ်ငွေ ၁ ဒသမ ၅ သန်းအထိ ပေးခဲ့ကြတဲ့ အင်တာနက် စကားဝိုင်း သုံးစွဲသူတွေကိုပါ စုံစမ်းစစ်ဆေး အရေးယူမယ်လို့ ရဲတွေက ကတိသစ်တွေ ပေးခဲ့ကြပါတယ်။
1 year Ago
Up