ခြိမ်းခြောက်ယူ

A d v e r t i s e m e n t With Us

March 11, 2020

ရဲအယောင်ဆောင်ပြီး ချစ်သူစုံတွဲထံက ငွေနှင့် ဖုန်းခြိမ်းခြောက်ယူသွားသူ ၂ ဦးကို ဖမ်းဆီး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ကန်ပတ်လမ်းမှာ ချစ်သူစုံတွဲတွေထံက ရဲအယောင်ဆောင်ပြီး ငွေနဲ့ ဖုန်းတွေကို ခြိမ်းခြောက်လုယက်ခဲ့တဲ့ အမျိုးသား ၂ ဦးကို ပုသိမ်မြို့မရဲစခန်းမှာ အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေပါတယ်။ ကန်ပတ်လမ်းကိုလာတဲ့ ချစ်သူဆုံတွဲတွေကို ရဲတွေအသုံးပြုတဲ့စကားတွေပြောဆိုကာ ငွေနဲ့ဖုန်းတောင်းယူခဲ့တဲ့ အမျိုးသား ၂ ဦးကို မြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက  မတ်လ ၁၀ ရက်နေ့မှာ ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့က တာဝန်ရှိသူကပြောပါတယ်။ ကန်ကြီးထောင့်မြို့နယ်မှာ နေထိုင်တဲ့ ကိုစိုးသွင်က ပုသိမ်မြို့မှာရှိတဲ့ သူ့ရဲ့ချစ်သူနဲ့ ကန်ပတ်လမ်းမှာလာရောက်တွေ့ပြီး လမ်းလျှောက်ပြန်လာချိန်မှာ အမည်မသိသူ ၂ ဦးက ရဲအယောင်ဆောင်ပြီး ခြိမ်းခြောက်ငွေတောင်းခဲ့တာဖြစ်ပါတယ်။ ခြိမ်းခြောက်ငွေတောင်းခံခဲ့ရတဲ့ ကာယကံရှင် ကိုစိုးသွင်က “ကျနော်တို့ကို အဲဒီနေရာကို အတွဲမလာရဘူး ပြောတယ်။ ငါတို့က ရဲတွေ ရဲစခန်း လိုက်ခဲ့ပြောတယ်။ မိဘတွေခေါ်မယ် ပြောတယ်။ မလိုက်ချင်ရင် ပိုက်ဆံ ၃၀၀၀၀ပေးပြောတယ်။ ကျနော်တို့မှာ ပိုက်ဆံပါမလာဘူးဆိုတော့ ဖုန်း ၂ လုံး ကို ယူသွားပြီး ရဲစခန်းမှာ လာရွေးလို့ ပြောပြီးထွက်သွားတယ်။ လူမြင်ရင်မှတ်မိလို့ အသိရဲကို အကူအညီတောင်းတာ”လို့ ပြောပါတယ်။  လုယက်ခံရကြောင်းတိုင်ကြားပြီး  နှစ်ရက်အကြာမှာ အခင်းဖြစ်တဲ့နေရာအနီး ရဲတပ်ဖွဲ့က မသင်္ကာစရာ ၂ ဦးဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် မောင်သန်းနဲ့ အသက် ၃၈ နှစ်အရွယ် သီဟဇော်တို့ကို ဖမ်းဆီးစစ်ဆေးနိုင်ခဲ့တာပါ။ စစ်ဆေးမေးမြန်းရာမှာ  ဖမ်းမိထားတဲ့ အမျိုးသား ၂ ဦးက စုံတွဲထံကနေ ငွေကျပ် ၄ သိန်းတန်ဖိုးရှိတဲ့ ဖုန်း နှစ်လုံးကို ရဲအယောင်ဆောင်ပြီး ရယူခဲ့တယ်လို့ ထွက်ဆိုခဲ့ကြောင်း ရဲမှတ်တမ်းတွေအရ သိရပါတယ်။ လတ်တလော ဖမ်းမိသူ ၂ ဦးကို ပုသိမ်မြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၈၄/၁၇၀ နဲ့အမှုဖွင့်စစ်ဆေး နေတယ်လို့ သိရပါတယ်။ မင်းထက်မုန်း (ပုသိမ်)
12 months Ago
Up