ခြစားမှု

December 5, 2020

သြစတြီးယား ဘဏ္ဍာရေးဝန်ကြီးဟောင်းကို ထောင်ဒဏ် ၈ နှစ် ချမှတ်

ခြစားမှုအရှုပ်တော်ပုံမှာ ပါဝင်တဲ့အတွက်  သြစတြီးယား ဘဏ္ဍာရေးဝန်ကြီးဟောင်းကို  ဒီဇင်ဘာလ ၄ ရက်မှာ ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ပါတယ်။  အစိုးရပိုင်တိုက်ခန်းထောင်ချီ အရောင်းအဝယ်မှာ လာဘ်ငွေရယူပြီး အထောက်အထားတွေ အတုပြုလုပ်တဲ့အတွက် ဘဏ္ဍာရေးဝန်ကြိးဟောင်း ကာဟိုင်းဂရက်ဆာကို အလွဲသုံးစားမှုမှာ အပြစ်ရှိတယ်လို့  သြစတြီးယားတရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။  ယူရိုငွေ ၉ သန်းကျော် လာဘ်ငွေ ရယူရာမှာ ဂရက်ဆာ ပါဝင်ခဲ့တယ်လို့ ဗီယင်နာတရားရုံးက ပြောကြားခဲ့ပါတယ်။  ဒါနဲ့ပတ်သက်လို့  ဝန်ကြိးဟောင်း ဂရက်ဆာကတော့ သူမမှားကြောင်း ငြင်းဆိုပြီး အယူခံဝင်သွားမယ်လို့ ပြောပါတယ်။ ဂရက်ဆာဟာ ၂၀၀၀ ခုနှစ်မှာ  သြစတြီးယားရဲ့ အသက်အငယ်ဆုံး ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago

September 17, 2020

ခြစားမှုဖြင့် ကမ္ဘာ့အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းကို ထောင်ဒဏ် ၂ နှစ်ချမှတ်

ရုရှားအားကစားသမား မူးယစ်ဆေးသုံးတဲ့ကိစ္စမှာ အကျင့်ပျက်ခြစားခဲ့တဲ့အတွက် ကမ္ဘာ့အားကစားအဖွဲ့ချုပ်အကြီးအကဲဟောင်း လာမင်း- ဒီယက်ကို  စက်တင်ဘာ ၁၆ရက်မှာ ပြင်သစ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ထက်မနည်း ပြစ်ဒဏ်ချ မှတ်လိုက်ပါတယ်။  ဒီယက်ဟာ အားကစားသမားတွေဆီက လာဘ်ငွေယူပြီး အပြန်အလှန်အနေနဲ့ ဆေးစစ် ချက်တွေကို ဖုံးဖိခဲ့ရာမှာ ပြစ်မှု ထင်ရှားခဲ့ပါတယ်။  ဒီလိုဖုံးဖိခဲ့တာကြောင့် အားကစားသမားတွေဟာ ၂၀၁၂ လန်ဒန်အိုလံပစ်အပါအဝင် အားကစားပြိုင်ပွဲတွေမှာ ဆက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။  ကမ္ဘာ့အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်း ဒီယက်ဟာ ရုရှားအစိုးငွေကို လက်ခံပြီး သူရဲ့  မွေးရပ် ဆီနီဂေါနိုင်ငံက မက်ကီဆယ်ရဲ့ ၂၀၁၂ သမ္မတ မဲဆွယ်ပွဲကို ကူညီထောက်ပံ့ခဲ့မှုမှာလည်း ပြစ်မှု ထင်ရှားခဲ့ပါတယ်။  သူဟာ အပြန်အလှန်အနေနဲ့ ရုရှားအားကစားသမားတွေရဲ့ ဆေးစစ်ချက် လုပ်ငန်းစဉ်တွေကို ကြန့်ကြာအောင် လုပ်ခဲ့တယ်လို့ ပြင်သစ်တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။  ဒီယက်ဟာ ဆေးစစ်ချက် လိမ်လည်တင်ပြတယ်လို့ သံသယရှိတဲ့ အားကစားသမားတွေ ဆီက စုစုပေါင်း ယူရိုငွေ ၃ ဒသမ ၄ သန်း လာဘ်ငွေယူပြီး အဲဒီလိမ်လည်မှုကို ကူညီဖုံးဖိဖို့ အပြည်ပြည်ဆိုင်ရာအားကစားဖက်ဒရေးရှင်းအဖွဲ့က တခြားအရာရှိတွေကို ပေးခဲ့တယ်လို့ တရားရုံး က ကြားနာခဲ့ပါတယ်။ ကမ္ဘာ့အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဟောင်းရဲ့ လုပ်ရပ်တွေဟာ အားကစားသမားတွေရဲ့တန်ဖိုးနဲ့  မူးယစ်းဆေး တိုက်ဖျက်ရေးကို ထိခိုက်စေတယ်လို့ တရားသူကြီးက ပြောကြားခဲ့ပါတယ်။
1 year Ago
Up