ခြင်းလုံးခတ်စွမ်းရည်

August 31, 2020

မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ခြင်းလုံးခတ်စွမ်းရည်ပြပြီး ထိုင်းရုပ်သံတွင် ဆုရရှိ 

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်း Workpoint TV ကနေထုတ်လွှင့်သွားတဲ့ Super 100 စွမ်း ရည်ပြိုင်ပွဲမှာ ရိုးရာခြင်းခတ်ပညာနဲ့ အစွမ်းပြဝင်ရောက်ယှဉ်ပြိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဦး ထိုင်းဘတ် ၄၀၀၀၀ နဲ့ လက်ဆောင်ပစ္စည်းတွေ ဆုရခဲ့ပါတယ်။  အသက် ၂၈ နှစ်ရွယ်ရှိ ကျောင်းသားလေး ခေါ် ကျော်စွာမင်းဟာ  ခြင်းလုံးကို ခြေဖဝါးနဲ့ ခတ်ပြီး အမြင့် ၂ မီတာရှိတန်းကို ကျော်ကာ ပိုက်ခြင်းထဲ တည့်တည့်ဝင်သွားအောင် ခတ်ပြ သွားခဲ့တာပါ။  သာမန်ခြင်းခတ်သူတွေဟာ ခြင်းလုံးကို ခြေဖမိုး၊ ခြေဖနောင့်နဲ့ ခတ်ကြပေမယ့် ကျောင်းသားလေးကတော့ ခြေဖဝါးနဲ့ ပုပ်ထည့်လိုက်တဲ့အပြင် အမြင့် ၁ မီတာခွဲရှိ ပိုက်တန်းကိုရော၊ အမြင့် ၂ မီတာရှိ ပိုက်တန်းကိုပါကျော်ပြီး  ပိုက်ခြင်းထဲဝင်ဖို့  အခွင့်အရေး ၃ ကြိမ်သာ ကြိုးစားခွင့်ရှိတဲ့ထဲ ဒုတိယအကြိမ်မြောက်မှာ တည့်တည့်ဝင်အောင် ခတ်သွားခဲ့တာပါ။ သူဟာ အသက် ၇ - ၈ နှစ်ရွယ်ကတည်းက စတင်ခြင်းခတ်ခဲ့ပြီး ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက ဝင်ရောက်လာခဲ့ကြောင်း၊ ထိုင်းကိုရောက်ခါစတော့  တခြားလုပ်သားတွေ  လို ရရာအလုပ်လုပ်ပြီး အားတဲ့အချိန် အမြဲလိုခြင်းခတ်ကစားတာကြောင့် ကျွမ်းကျင်ကာ အခကြေးငွေရတဲ့ ကစားသမားထိဖြစ်လာကြောင်း၊ ဘန်ကောက်အပြင် အခြားခရိုင်တွေမှာ သွား ကစားခဲ့ရပြီး ရလာတဲ့ငွေနဲ့  ဆေးတက္ကသိုလ်တက်နေတဲ့ ညီလေးကျောင်းစရိတ်ကိုပါ ထောက်ပံ့ နိုင်ကာ ညီဖြစ်သူလည်း နောက်ဆုံးနှစ် ရောက်သွားပြီလို့ ဆိုပါတယ်။  မိမိဝါသနာပါတဲ့ အားကစားကို တဘက်ကမ်းခတ်အောင်ကြိုးစားပြီး မိသားစုကိုပါ ပြန်လည်ကြည့်ရှုထောက်ပံ့တတ်တဲ့ သူ့ရဲ့စိတ်ဓာတ်ကို အကဲဖြတ်ဒိုင်လူကြီးတွေက ချီးမွှမ်းခဲ့ကြပါတယ်။  သူကတော့ စွမ်းရည်ပြပွဲမှာ အနိုင်ရရင် ဘဝတူခြင်းခတ်သမားတွေကို ဝေငှဖို့  အားကစား အင်္ကျီနဲ့ ခြင်းခတ်ထောက်ကူပြုပစ္စည်းတွေ လိုချင်တယ်လို့ ပြောခဲ့ပေမဲ့ သူလိုချင်တဲ့ အရာအားလုံး အပြင် ဘတ်ငွေ ၄၀၀၀၀ ကိုပါ ချီးမြှင့်ခဲ့ပါတယ်။  ခုလို ဆုရတဲ့အတွက် ရုပ်မြင်သံကြားပရိသတ်၊ ဆရာသမားနဲ့  မြန်မာပြည်က မိသားစု ဝင်တွေအားလုံးကို သူက မိခင်မြန်မာဘာသာနဲ့ပဲ ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။  Source: https://www.youtube.com/watch?v=DL7ZRpziqyY
1 year Ago
Up