နာမည်ကျော် "Game of Thrones" ရုပ်သံ ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်း မထွက်ခင် နယူးယောက်မြို့မှာ အဲဒီဇာတ်လမ်းတွဲ အထိမ်းအမှတ် ခွက်ကိတ်မုန့်တွေ ရောင်းချနေပါတယ်။
Sprinkles ဆိုတဲ့ မုန့်တိုက်မှာတော့ ဘလူးဘယ်ရီ buttercream နဲ့ လီမွန်ခွက်ကိတ်မုန့် တွေဟာ စင်ပေါ်ကို တင်တာနဲ့ ရောင်းကုန်နေပါတယ်။
မုန့်တိုက်အများစုမှာ ခွက်ကိတ်မုန့်တခုကို အမေရိကန် ဒေါ်လာ ၄ ဒသမ ၉၅ နဲ့ ရောင်းချနေပြီး ဖောက်သည်တွေဟာလည်း ၀ယ်ယူဖို့တန်းစီ စောင့်ဆိုင်းနေပါတယ်။
အဲဒီဖောက်သည်တွေဟာ ရောင်းချတဲ့ ခွက်ကိတ်မုန့်တွေကို ဇာတ်လမ်းတွဲထဲက တာဂယ်ရီယန် နင်္ဂါးကြီး ရန်သူတွေကို ၀ါးမြိုသလို ၀ါးမြို့ဖို့ စောင့်ဆိုင်းနေတာပါ။
Sprinkles မုန့်တိုက် မန်နေဂျာက “ဖောက်သည်တွေ အားပေးတာ အံ့မခန်းပါပဲ။ စရောင်းကတည်းကကို မနားတမ်း အားပေးနေကြတာ။ တင်လိုက်တယ်ဆိုတာနဲ့ ရောင်းကုန်တာပဲ” ဆိုပြီး ပြောပါတယ်။
အဲဒီမုန့်တိုက်မှာ "Game of Thrones" ရုပ်သံ အထိမ်းအမှတ် ဇာတ်လမ်းတွဲထဲက သူကောင်းမျိုးအိမ်တော်တွေရဲ့ အမှတ်တံဆိပ်ပါ ခွက်ကိတ်တွေကိုလည်း ရောင်းချပေးပါတယ်။
နယူးယောက်ကိတ်ဆိုတဲ့ မုန့်တိုက်မှာတော့ ဇာတ်လမ်းတွဲမှာ ပါတဲ့ နင်္ဂါးဥသဏ္ဍန် ကိတ်တွေကိုလည်း ရောင်းချေပးပါတယ်။
အဲဒီ နင်္ဂါးဥကိတ်မုန့်ဟာ အမြင့် ၈ လက်မ၊ အနံ ၅ လက်မ နဲ့ အထဲမှာ ဘယ်ဂျီယမ် ချောကလက်ယို အစာသွပ်ထားတာပါ။
အဲဒီ နင်္ဂါးဥကိတ်ကတော့ တလုံးကို ၁၂၅ ဒေါ်လာ ပေးရပါတယ်။ အဲဒီ ကိတ်ဟာ လုပ်ရလက်ဝင်ပြီး သိပ်ကို စားကောင်းတယ်လို့ ပူးတွဲဆိုင်ပိုင်ရှင် လီဆာမန်ဆူးက အမွှန်းတင်ထားပါတယ်။
2 years Ago