လက်စတာအသင်းကို အင်္ဂါနေ့က ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ ဆိုးရွားတဲ့စွမ်းဆောင်ရည်ကို စိုးရိမ်မိတယ်လို့ နည်းပြ လမ်းပတ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ကင်းပါဝါကွင်းမှာ ကစားခဲ့တဲ့ပွဲမှာ လက်စတာအသင်းအတွက် အနိုင်ဂိုးတွေကို အန်ဒီဒီနဲ့ မက်ဒီဆင်တို့က ပထမပိုင်းမှာတင် သွင်းယူခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ချဲလ်ဆီးဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာအထိ ရောက်ရှိသွားပါပြီ။
ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အဆင့် ၄ နေရာက လီဗာပူးထက် ၁ ပွဲ ပိုကစားပြီးချိန်မှာ အမှတ်ကွာဟချက်ကလည်း ၅ မှတ်အထိ ရှိလာခဲ့ပါပြီ။
အင်္ဂါနေ့ ရလဒ်ဟာ ချဲလ်ဆီးအသင်းရဲ့နောက်ဆုံး ၈ ပွဲအတွင်း ၅ ပွဲမြောက် ရလဒ်ဆိုးရွားမှု ဖြစ်ပြီး ဒါဟာ လမ်းပတ်ပေါ်မှာရှိနေတဲ့ ဖိအားတွေကိုလည်း မီးမောင်းထိုးပြနေပါတယ်။ လမ်းပတ်ကလည်း သူ့အနေနဲ့လက်ရှိ အသင်းရဲ့အခြေအနေတွေအပေါ် လျစ်လျူရှုထားလို့ မရတော့ဘူးလို့ ပြောပါတယ်။
“ကျနော်တို့ ဖူလ်ဟမ်နဲ့ပွဲမှာ ခြေစွမ်းမကောင်းခဲ့ပေမယ့် အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်တပွဲကို ရှုံးခဲ့တယ်ဆိုတဲ့အသင်းရဲ့ ရလဒ်က ကျဆင်းသွားတဲ့သဘောပါ။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ကျနော် စိုးရိမ်မိပါတယ်။ ကျနော်တို့ ပုံစံကောင်းတစ်ခုကနေ အခုလိုအခြေအနေအထိ ထိုးကျခဲ့တာပါ။ ကျနော်တို့နိုင်ပွဲတချို့ ရခဲ့ပေမယ့် ၈ ပွဲမှာ ၅ ပွဲ ရှုံးတယ်ဆိုတာက ကျနော်တို့ လိုချင်တဲ့ပုံစံမျိုး မဟုတ်ပါဘူး။”
ရှုံးနိမ့်မှုအတွက် စိတ်ပျက်ကြောင်း ပြောခဲ့ပေမဲ့ ပြိုင်ဘက် လက်စတာအသင်းကိုတော့ လမ်းပတ်က ချီးကျူးခဲ့ပါတယ်။
လက်စတာဟာ မိနစ် ၉၀ လုံး ချဲလ်ဆီးအသင်းကို ထိန်းချုပ်ကစားသွားနိုင်ခဲ့တယ်လို့လည်း သူက ဝန်ခံပါတယ်။
လမ်းပတ်က “ကျနော်တို့ပိုကောင်းတဲ့အသင်းကို ရှုံးနိမ့်ခဲ့တာပါ။ သူတို့က ပိုပြီးထက်မြက်သလို၊ ကျနော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ သူတို့ဟာ ပုံစံကောင်းမှာရှိနေပြီး ကျနော်တို့ကတော့ ပုံစံကောင်း ပျောက်ဆုံးနေပါတယ်။ set piece ကနေ ဂိုးပေးလိုက်ရတဲ့အပေါ် စိတ်ပျက်မိသလို ဒုတိယဂိုးကိုလည်း ကျနော်တို့ ကောင်းကောင်းမကာကွယ်နိုင်လိုက်ပါဘူး။ စိတ်ပျက်မိဆုံးအရာက ဒီကိုလာပြီးရှုံးခဲ့တာဖြစ်ပေမဲ့ အခြေခံအကျဆုံးကို ပြောရရင် ဘောလုံးကိုင်မထားနိုင်တဲ့တာဟာ အရေးကြီးခဲ့ပါတယ်။ ကျနော်တို့ အခွင့်အရေးတချို့ ဖန်တီးနိုင်ခဲ့သလို ပင်နယ်တီရမယ့် အခိုက်အတန့်လည်း ရှိခဲ့ပေမဲ့ ရှုံးနိမ့်မှုအတွက် ဒါကို လွှဲချနေမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
5 days Ago