ချောင်းသာကမ်းခြေ

November 16, 2021

ချောင်းသာကမ်းခြေမှ ပြန်လာသည့် ဝန်ကြီးလမ်းကြောင်း ပစ်ခတ်ခံရမှု စစ်သား ၁၀ ဦးထက်မနည်း သေဆုံး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ နိုဝင်ဘာလ ၁၅ ရက် ညနေပိုင်းက စစ်ကောင်စီခန့် ဟိုတယ်နဲ့ ခရီး  ဝန်ကြီးနဲ့ တိုင်းဝန်ကြီးချုပ်လမ်းကြောင်းကို တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်မှုမှာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။  

ချောင်းသာကမ်းခြေမှာ ဖွင့်ပွဲလုပ်ပြီးပြန်လာတဲ့ စစ်ကောင်စီခန့် ဟိုတယ်နဲ့ခရီးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဌေးအောင်နဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့ရဲ့ လမ်းကြောင်းကို ခြောက်ကောင်ကျေးရွာ တောင်သာယာအနားမှာ တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုက တာဝန်ရှိသူက ပြောပါတယ်။

“အားလုံး အဲဒီလမ်းကြောင်းကို အဖွဲ့ ၃ ဖွဲ့ပေါင်းပြီး တိုက်ခိုက်တာပါ။ အရင်ဆုံး မိုင်းခွဲတာပါ၊ ပြီးမှ ဝိုင်းပစ်တာ။ အပြန်အလှန် ပစ်ခတ်မှု ဖြစ်တာတော့ ၅ မိနစ်လောက်ကြာမယ်။ ပြီးတာနဲ့ ကျနော်တို့ ပြန်ဆုတ်ခွာတာပါ၊ ခုတော့ အားလုံး လုံခြုံတဲ့နေရာ ရောက်ပြီ” လို့ မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု တာဝန်ရှိသူ ဗိုလ်ဖြူလေးက ပြောပါတယ်။ 

စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းဝန်ကြီးချုပ်လမ်းကြောင်းကို PWDF၊ မြစ်ဝကျွန်းပေါ်ပြောက်ကျား စစ်ဆင်ရေးတပ်ပေါင်းစုနဲ့ BDF စတဲ့ အဖွဲ့ ၃ ဖွဲ့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်မှာ ပြည်ထောင်စုဝန်ကြီးနဲ့ တိုင်းဝန်ကြီးချုပ်တို့ ထိမှန်တာ ရှိ မရှိကိုတော့ မသိရသေးပါဘူး။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့လပိုင်းက ကန်ကြီးထောင့်စစ်ကောင်စီယာဉ် ဗုံးပစ်ခံရမှုဖြစ်စဉ်အပြီး တော်လှန်ရေး အင်အားစုတွေ တိုက်ခိုက်တဲ့အထဲမှာ အခုဖြစ်စဉ်က စစ်ကောင်စီတပ်သား အများဆုံး သေဆုံးခဲ့တာဖြစ်ပါတယ်။

2 months Ago

January 4, 2021

ချောင်းသာကမ်းခြေတွင် အထောက်အထားမဲ့ ဝင်လာသူ ၇ ဦးနှင့် လိုက်ပို့သူ ၅ ဦးဖမ်းမိ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာမြို့မှာ ဇန်နဝါရီ ၄ ရက်နေ့ မနက်အစောပိုင်းက ရခိုင်ပြည်နယ်ကနေ အထောက်အထားမဲ့ ဝင်ရောက်လာသူ ၇ ဦး ဖမ်းမိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ရခိုင်ပြည်နယ်က ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ သူတို့ကို စက်လှေနဲ့လိုက်ပို့ပေးတဲ့ လူ ၅ ဦး စုစုပေါင်း ၁၂ ဦးကို ကျောက်မောင်နှမကမ်းခြေနဲ့ ရေမိုင် ၁ မိုင်အကွာ ပင်လယ်ပြင်မှာ ဖမ်းမိခဲ့တာလို့ ချောင်းသာမြို့အုပ်ချုပ်ရေးမှူး ဦးကျော်သူက DVB ကို ပြောပါတယ်။ “နယ်မြေခံတပ်တွေ ရဲတွေနဲ့ ကျနော်တို့အဖွဲ့တွေ ပူးပေါင်းပြီး ပင်လယ်ပြင်မှာ  မနက် ၁ နာရီလောက်မှာ ထိန်းသိမ်းနိုင်ခဲ့တာပါ၊ ခုတော့ စခန်းမှာ ခေါ်ထားပါတယ်။ လိုက်ပို့တဲ့ လူ ၅ ဦးကိုတော့ တရားဥပဒေအတိုင်း အရေးယူသွားဖို့ပြင်ဆင်နေပါတယ်”လို့ ပြောပါတယ်။ ဖမ်းဆီးရမိတဲ့ လူတွေကို နယ်မြေရဲစခန်းမှာ ထားပြီး ဆက်လက်တင်ပြထားသလို အစားအစာတွေနဲ့ အဝတ်အစားတွေကိုလည်း ထောက်ပံ့ပေးထားကာ လိုက်ပို့တဲ့ စစ်တွေက အမျိုးသား ၅ ဦးကို တည်ဆဲဥပဒေတွေအရ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ဝင်လာသူတွေနဲ့ လိုက်ပို့သူ ၁၂ ဦးကို ကိုဗစ်-၁၉ ရောဂါပိုးရှိ မရှိ စစ်ဆေးသွားမှာဖြစ်ပြီး ရလဒ်အပေါ်မှာ လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာ ရခိုင်ပြည်နယ်က အထောက်အထားမဲ့ ဝင်လာသူတွေကို ဖမ်းဆီးရမိတာဟာ ၂၀၂၀ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။ သတင်း - မင်းထက်မုန်း (ပုသိမ်)
1 year Ago
More News
Up