ချောင်းဆုံ

August 26, 2021

ချောင်းဆုံတွင် မနက် ၁၀ နာရီနောက်ပိုင်း အပြင်ထွက်ခွင့်ကန့်သတ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ ဒီကနေ့ သြဂုတ် ၂၆ ရက်နေ့ကစပြီး မနက် ၁၀ နာရီနောက်ပိုင်း နေအိမ်အပြင်ထွက်ခွင့် ကန့်သတ်လိုက်တဲ့အတွက်ကြောင့် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြပါတယ်။

ချောင်းဆုံမြို့နယ်မှာ  နေအိမ်အပြင်ထွက်ခွင့်ကို မနက် ၆ နာရီမှ ၁၀ နာရီထိသာ သတ်မှတ်ထားကြောင်းနဲ့ နေအိမ်အပြင်ထွက်ရာမှာလည်း ဈေးဝယ်သူ တစ်ဦးသာ ထွက်ရမယ်လို့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက လိုက်လံကြေညာနေတာ ဖြစ်ပါတယ်။

ဒါအပြင် ရပ်ကွက်ဖြတ်ကျော်သွားလာရင်လည်း သက်ဆိုင်ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေရဲ့ ထောက်ခံချက် မဖြစ်မနေ ပါရှိရမှာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ မနက် ၁၀ နာရီနောက်ပိုင်း နေအိမ်အပြင်ထွက် ကန့်သတ်ချက်ဟာ ကိုဗစ်ရောဂါအကြောင်းပြပြီး ပြည်သူတွေ နေအိမ်အပြင်မထွက်နိုင်အောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ ချောင်းဆုံဒေသခံ တစ်ဦးကပြောပါတယ်။

လက်ရှိမှာ ချောင်းဆုံမြို့နယ်ရဲ့ ရဲစခန်းတွေနဲ့ တပ်တွေ တည်ရှိနေရာတွေမှာလည်း ကတုတ်ကျင်းတူး၊ သဲအိတ်ဘန်ကာတွေအပြင် အကာအကွယ်တွေ ထပ်မံ တိုးမြှင့်ချထားလာ နေတာ ဖြစ်ပါတယ်။

မနက် ၁၀ နာရီနောက်ပိုင်း နေအိမ်အပြင်ထွက် ကန့်သတ်ချက်ဟာ စစ်ကောင်စီရဲ့ အာဏာ တည်မြဲရေးအတွက် ကြိုးပမ်းချက်တစ်ခုဖြစ်ပြီး အခြေခံလူတန်စားတွေကို ဒုက္ခဖြစ်‌အောင် ဖန်တီးနေတာလို့ ချောင်းဆုံမြို့နယ် ဒေသခံ တစ်ဦးက ပြောပါတယ်။

ချောင်းဆုံမြို့နယ်မှာတော့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၅ ရက်နေ့က စပြီး နေအိမ်အတွင်း နေထိုင်ဖို့ Stay at Home သတ်မှတ်ထားတာ ဖြစ်ပြီး အခုအခါ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက ကိုဗစ်ရောဂါအကြောင်းပြီး ပြည်သူတွေကို အပြင်ထွက်မနိုင်အောင် စည်းကမ်းထပ်မံ တင်းကျပ်လိုက်တာ ဖြစ်ပါတယ်။

3 months Ago

August 20, 2021

ချောင်းဆုံမြို့နယ် ဝင်ခွင့် စတင်ကန့်သတ်

မွန်ပြည်နယ် ဘီးလူးကျွန်း၊ ချောင်းဆုံမြို့နယ်မှာ သြဂုတ် ၁၉ ရက်ကစပြီး မြို့နယ်အတွင်း ဝင်ရောက်ခွင့် စတင်ကန့်သတ်လိုက်ပြီလို့ ဒေသအုပ်ချုပ်ရေးအာဏာပိုင်တွေက ပြောပါတယ်။

ချောင်းဆုံမြို့နယ်မှာ သြဂုတ်ဒုတိယအပတ်ကစပြီး ကိုဗစ်လူနာ တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်း မြင့်တက်လာတာကြောင့် ဝင်ခွင့် ကန့်သတ်ရတာလို့ ဆိုပါတယ်။

ဒါကြောင့် ချောင်းဆုံမြို့နယ်အတွင်း လာရောက်သူတွေဟာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေရဲ့ ခရီးသွားလာခွင့် ထောက်ခံစာ ပါရှိရမှာ ဖြစ်ပါတယ်။

ခရီးသွားခွင့် ကတ်မပါသူတွေကို ချောင်းဆုံမြို့နယ်အတွင်းမှာ ပိတ်ဆို့စစ်ဆေးပြီး ပြန်လည် စေလွှတ်နေတယ်လို့ ချောင်းဆုံဒေသခံတစ်ဦးက ပြောပါတယ်။

ဒါအပြင် ချောင်းဆုံမြို့နယ်ကနေ မော်လမြိုင်ကို ဆေးသွားရောက် ကုသမယ့်သူတွေအနေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ၊ ကျန်းမာရေး ထောက်ခံတွေ မဖြစ်မနေ ပါရှိရမှာ ဖြစ်ပါတယ်။

ချောင်းဆုံမြို့နယ်မှာတော့ သြဂုတ် ၂၀ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၁၂၀၀ ကျော်ထိ ရှိလာခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ကိုဗစ်လူနာ ၈၀ ကျော် သေဆုံးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

3 months Ago
Up