ချီလီ

October 27, 2022

ချီလီတွင် ဆိပ်ကမ်းအလုပ်သမားများ ဆန္ဒပြမှုကြောင့် အဓိကဆိပ်ကမ်းများ ပိတ်ထားရ

ချီလီဆိပ်ကမ်းအလုပ်သမားတွေဟာ ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်အခြေအနေတွေကို တောင်းဆိုတဲ့အနေနဲ့  ၄၈ နာရီကြာ ဆန္ဒပြမှုကို စတင်လိုက်ပြီးနောက်မှာ ချီလီနိုင်ငံရဲ့ အဓိကဆိပ်ကမ်းတွေကို အောက်တိုဘာ ၂၆ ရက်က ပိတ်ပစ်ခဲ့ပါတယ်။

ဆန်အန်တိုနီယိုနဲ့ အီကိကေး ဆိပ်ကမ်းတွေရဲ့ ဝင်ပေါက်တွေကို မီးလောင်နေတဲ့ တာယာတွေနဲ့ ပိတ်ဆို့ထားပြီး အလုပ်သမား ၆,၅၀၀ ကျော်ဟာ နိုင်ငံအတွင်း ဆိပ်ကမ်း ၂၃ ခုကို ချည့်နဲ့သွားစေတဲ့ ဆန္ဒပြပွဲကို ပါဝင်ခဲ့ကြပါတယ်။

ချီလီဆိပ်ကမ်းအလုပ်သမားတယောက်က သူတို့ဟာ အစိုးရနဲ့ အဆက်အသွယ် မရတာကြောင့် ဒီဆန္ဒပြမှုကို လုပ်ခဲ့ရတာဖြစ်ပြီး သူတို့နဲ့ သဘောတူညီချက်ရဖို့ အစိုးရနဲ့ မတွေ့ဆုံရသေးသလို အဆက်အသွယ်လည်းမရှိလို့ တိုးတက်မှုလည်း မရှိကြောင်း ပြောဆိုပါတယ်။

ထရပ်ကားယာဉ်မောင်းတယောက်ကတော့ ဆန္ဒပြတာကို ထောက်ခံပေမဲ့ ဆန်အန်တိုနီယိုဆိပ်ကမ်းမှာ ကုန်တင်ကုန်ချရတာနဲ့ ဝင်ပေါက်က ပိတ်ဆို့နေတာကြောင့် တခြားလမ်းကြောင်းတခုကို ရှာပြီးသွားဖို့က သိပ်တော့ အဆင်မပြေဘူးလို့ ပြောပါတယ်။

တောင်းဆိုမှုတွေ လုပ်ရမယ်ဆိုတာ သဘောတူပေမဲ့ ဒါက အသင့်လျော်ဆုံးနည်းလမ်းတော့ မဟုတ်ဘူးလို့မြင်ကြောင်း သူက ပြောပါတယ်။

အစိုးရနဲ့ ညှိနှိုင်းမှုတွေ အေးခဲနေတာကြောင့် ဆန္ဒပြမှုကို ရက်အကန့်အသတ်မရှိ သပိတ်အဖြစ် တိုးမြှင့်သွားမယ်လို့လည်း အလုပ်သမားတွေက ခြိမ်းခြောက်ထားပါတယ်။

1 month Ago

September 25, 2022

အီရန်အမျိုးသမီးသေဆုံးမှုနှင့် ပတ်သက်၍ ချီလီတွင်ဆန္ဒပြ

ချီလီနိုင်ငံမှာ စက်တင်ဘာ ၂၃ ရက်က ဆန္ဒပြသူအယောက် ၁၀၀ လောက် စုဝေးခဲ့ကြပြီး ပြီးခဲ့တဲ့ သီတင်းပတ်က အီရန်မှာ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရချိန်အတွင်း အီရန်အမျိုးသမီး မာဆာအာမီနီရဲ့ သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ ကန့်ကွက်ရှုတ်ချ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုမှာ အမျိုးသမီးတွေရဲ့ ဘဝနဲ့ လွတ်လပ်မှုအတွက် ကြွေးကြော်ခဲ့ကြပါတယ်။ 

ချီလီလူထုစုဝေးပွဲဟာ အီရန်အမျိုးသမီးတွေကို ထောက်ခံကြောင်းပြသဖို့ ဂျာမနီနဲ့ စပိန်တို့လို တခြားနိုင်ငံတွေမှာ ကျင်းပနေတဲ့ ဆန္ဒပြပွဲတွေနဲ့အတူ  ပူးပေါင်းပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

အာမီနီရဲ့သေဆုံးမှုအတွက် နိုင်ငံတဝန်း လမ်းတွေပေါ် ဒေါသတကြီး ထွက်လာခဲ့တဲ့ ဆန္ဒပြသူတွေကို သတိပေးတဲ့အနေနဲ့ အီရန်သမ္မတ အီဘရာဟင်မ်ရိုင်စီက “ပရမ်းပတာ လုပ်ရပ်တွေ” ကို လက်မခံဘူးလို့ စက်တင်ဘာ ၂၂ ရက်က ပြောကြားခဲ့ပါတယ်။ 

အာမီနီ သေဆုံးရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

အာမီနီရဲ့သေဆုံးမှုကြောင့် ၂၀၁၉ ခုနှစ်နောက်ပိုင်း အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံမှာ အကြီးမားဆုံးသော ဆန္ဒပြပွဲတွေဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတကာကိုလည်း ဒေါသဖြစ်စေခဲ့ပါတယ်။ 

အမျိုးသမီးတွေဟာ သူတို့ရဲ့မျက်နှာဖုံး ခေါင်းစည်းတွေကို ဝှေ့ယမ်း မီးရှို့ပြတာ၊ သူတို့ဆံပင်တွေကို လူသိရှင်ကြား ဖြတ်တောက်ပြပြီး သူတို့ရဲ့ဘာသာရေးသင် ဆရာတွေကို တိုက်ရိုက်စိန်ခေါ်တာတွေနဲ့အတူ ဆန္ဒပြပွဲတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က မာဆာအာမီနီ သေဆုံးမှုအပေါ် အီရန်ပြည်သူတွေရဲ့ ဒေါသ ပြေပျောက်သွားမယ့် လက္ခဏာမတွေ့ရသေးဘူးလို့  ရိုက်တာသတင်းက ရေးထားပါတယ်။ 

တီဟီရန်နဲ့ တခြားမြို့တွေမှာ ရက်အတန်ကြာ ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် စက်တင်ဘာ ၂၂ ရက် အစောပိုင်းမှာ ဆန္ဒပြသူတွေဟာ ရဲစခန်းတွေနဲ့ မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရပါတယ်။ 

3 months Ago
More News
Up