ချီတက်ဆန္ဒပြ

May 3, 2021

မန္တလေးတပ်ပေါင်းစု သပိတ်စစ်ကြောင်း အင်အားအလုံးအရင်းဖြင့် ချီတက်ဆန္ဒပြ

မနေ့က အကြမ်းဖက်စစ်အုပ်စုရဲ့ ဖြိုခွင်းဖမ်းဆီးတာတွေခံရတဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မေ ၃ ရက်နေ့ မနက်ပိုင်းမှာ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် မန္တလေးမြို့ က လမ်းတွေပေါ် အင်အားအလုံးအရင်းနဲ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကြောင်းမှာ အခြေခံပညာ ပညာရေးဝန်ထမ်းတွေ၊ အထွေထွေသပိတ်ကော်မတီ (BEGSC) ရဲ့ အလံတော်အသစ်နဲ့အတူ ပညာရေးမိသားစုသပိတ်စစ်ကြောင်းအပါဝင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဒေါင်းစစ်သည်သပိတ်စစ်ကြောင်း၊ တမ္ပဝတီလူထုသပိတ်စစ်ကြောင်း၊ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်စစ်ကြောင်း၊ အောင်မြေသာစံမြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂ (ဗ.က.သများအဖွဲ့ချုပ်)၊ အမပူရမြို့နယ်သမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)၊ အထက-၇ (မန်း)ကျောင်းသား/သူဟောင်းများသပိတ်စစ်ကြောင်း၊ စိန်ပန်းသပိတ်စစ်ကြောင်း တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ချီတက်ရာမှာလည်း စစ်အာဏာရှင်အမြစ်ဖျက်ချေမှုန်းရေး၊ စစ်ကျွန်ပညာရေး စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ဖက်ဒရယ်ပညာရေးစနစ်ပေါ်ပေါက်ရေး စတဲ့ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ရက် မေလ ၂ ရက်နေ့က စတင်ချီတက်နေတဲ့အချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီရဲ့အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေ ရောက်လာပြီး ကားနဲ့ တိုက်ကာ ဖြိုခွင်းခံခဲ့ရပါတယ်။ ဆန္ဒပြသူ ၅ ဦး ဖမ်းဆီး ထိမ်းသိမ်းခံလိုက်ရပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

2 months Ago

December 7, 2020

ဂရိဆယ်ကျော်သက် သတ်ဖြတ်ခံရမှု ၁၂ ပြည့် ချီတက်ဆန္ဒပြ၊ ၁၀၀ ကျော် ထိန်းသိမ်းခံရ

ဂရိနိုင်ငံမှာ ၁၅ နှစ်သား ဆယ်ကျော်သက်ကို ရဲက သတ်ဖြတ်မှု ၁၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲကို  မြို့တော် အေသင်မှာ ဒီဇင်ဘာ ၆ ရက်မှာ ချီတက်နေတဲ့ ဆန္ဒပြသူတွေကို ရဲတွေက တားမြစ်ဖို့ ကြိုးစားခဲ့ပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး တိုက်ဖျက်ရေး အစိတ်အပိုင်းအနေနဲ့ ပြည်လုံးကျွတ် အသွားအလာ ပိတ်ဆို့ ကန့်သတ်ထားတဲ့အတွက် လူစုလူဝေးလုပ်တာကို တားမြစ်ပိတ်ပင် ထားတာပါ။ တားမြစ်ပိတ်ပင်ချက်ကို ဖီဆန်သူတွေဟာ ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ မြို့တော်က လမ်းတွေတလွှား တားမြစ်ပိတ်ပင်ချက် အသက်ဝင်စေဖို့ ထောင်ချီတဲ့ ရဲအရာရှိတွေ လမ်းတွေပေါ်မှာ အပြည့်နေရာယူထားပါတယ်။  အေသင်မြို့လယ်ခေါင်က ချီတက်ပွဲမှာ ပါဝင်သူ အယောက် ၁၀၀ ထက် မနည်း ထိန်းသိမ်းခံရပါတယ်။  ဆန္ဒပြသူတွေက ရဲတွေကို ထိပ်တိုက်တွေ့ခဲ့လို့ တင်းမာမှု မြင့်နေပါတယ်။ ဂရိနိုင်ငံမှာ အသွားအလာ ပိတ်ဆို့ကန့်သတ်တာကို ဒီဇင်ဘာ ၁၄ ရက်ထိ ထားဖို့ ကြာသပတေးနေ့က သက်တမ်းတိုးခဲ့ပါတယ်။  နိုင်ငံထဲမှာတော့ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် အသစ် ကူးစက်ခံဦးရေ တိုးနေပြီး အာဏာပိုင်တွေ အခက်တွေ့နေပါတယ်။   
7 months Ago
More News
Up