ချီကာဂိုထောင်

October 21, 2020

ချီကာဂိုထောင်တွင် အချုပ်သားများ ကြိုတင်မဲပေး

အမေရိကန်ရွေးကောက်ပွဲအတွင်း နိုင်ငံသားအများအပြားက သူတို့ရဲ့စာတိုက်ကနေ ပေးပို့တဲ့ ကြိုတင်ဆန္ဒမဲတွေကို ရွေးကောက်ပွဲမှာ ရေတွက်ပါ့မလားဆိုတာ စိတ်ပူနေချိန်မှာ ချီကာဂို ထောင်ထဲက စီရင်ချက်ချတာ မခံရသေးတဲ့ အချုပ်သားတွေကတော့ အချုပ်ခန်းထဲမှာ ကြိုတင်မဲပေးခဲ့ကြပါတယ်။ ကွတ်ခ်မြို့နယ်ထဲက ထောင်ထဲမှာ စီရင်ချက်ချတာ မခံရသေးတဲ့ အကျဉ်းသား အယောက် ၂,၀၀၀၀ လောက်ဟာ ကြိုတင်မဲပေးခဲ့ကြပြီး ထောင်ထဲကနေ ထည့်တဲ့ မဲအားလုံးရဲ့ ၅၀ ရာခိုင်နှုန်း ရှိတယ်လို့ ငြိမ်ဝပ်ပိပြားရေးအရာရှိ တွမ်ဒါ့တ်က အောက်တိုဘာ ၁၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ထောင်သားတွေကို ရိုးရိုးတန်းတန်း မဲပေးခွင့်ပြုတာမဟုတ်ဘဲ မဲမပေးခင် သင်တန်းပေးခဲ့တာကြောင့် ပညာတတ်အဖြစ်ဆုံး မဲရှင်တွေ ဖြစ်လာအောင် ကူညီလိုက်နိုင်တယ်လို့ ဒါ့တ်က ပြောပါတယ်။ တရားရုံးမှာ အမှုရင်ဆိုင်နေဆဲ အကျဉ်းသားတယောက်က “ဒါ အင်မတန်ကောင်းတယ်။ ကျနော့်ထင်မြင်ချက်ကို ကျနော် ထုတ်ပြနိုင်တယ်။ ကျနော်တို့ဟာ လူသားတွေပဲ ဖြစ်လို့ ဒီမဲက ရေတွက်ရမယ်ဆိုတာ လူတိုင်းကို သိခွင့်ပေးလိုက်တာပဲ” လို့ ပြောပါတယ်။ တရားစီရင်ခံရဖို့ စောင့်နေတဲ့ ထောင်သားအများအပြားကတော့ မဲမပေးနိုင်ကြသေးဘူး။ သူတို့ အများစုဟာ အာမခံနဲ့ လွတ်ခွင့်ရဖို့ ဘဏ္ဍာရေးမတတ်နိုင်လို့ ထောင်ကျခံနေရသူတွေလို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။ အမေရိကန်မှာ ကြီးလေးတဲ့ပြစ်မှုကို ကျူးလွန်မှုအတွက် ပြစ်ဒဏ်စီရင်ခံရသူတွေဟာ မဲပေးခွင့်မရဘဲ တချို့ကတော့ ရာသက်ပန် မဲပေးခွင့် ဆုံးရှုံးပါတယ်။ ဒီလိုကိစ္စအတွက် ဥပဒေအရ မဲပေးခွင့် ကန့်သတ်ခံရလို့ မဲပေးနိုင်တဲ့ အမေရိကန် နိုင်ငံသား ၅ သန်းကျော်တယ်လို့ အမေရိကန် တရားစီရင်ရေးမူဝါဒ ပြုပြင်ပြောင်းလဲဖို့ ဆော်သြနေတဲ့ Sentencing Project အဖွဲ့က ပြောပါတယ်။
2 years Ago
Up