ချိတ်ဆက်ပေးရန်

October 14, 2019

မြန်မာ့ထုတ်ကုန် တင်ပို့နိုင်ရေး ချိတ်ဆက်ပေးရန် ဂျပန်နိုင်ငံ မြန်မာသံရုံးမိသားစုများကို ဗိုလ်ချုပ်မှူးကြီး ပြော

မြန်မာ့ထုတ်ကုန်တွေ နိုင်ငံတကာတင်ပို့နိုင်ရေး အချက်အလက်နဲ့ နည်းပညာတွေ ချိတ်ဆက် ဆောင်ရွက်ပေးနိုင်ရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမိသားစုတွေကို ပြောပါတယ်။ ဂျပန်နိုင်ငံကို ချစ်ကြည်ရေးခရီးရောက်နေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ မနေ့က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနဲ့ စစ်သံရုံးမိသားစုတွေကို တွေ့ဆုံပြောခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၇၀ ရာခိုင်နှုန်းလောက်ဟာ ကျေးလက်နေသူတွေ ဖြစ်တာကြောင့် ထုတ်ကုန်တွေကို ရောင်းကုန်တွေ ဖြစ်လာစေရေးအတွက် လိုအပ်တဲ့ နည်းပညာတွေကို မျှယူရမယ်လို့လည်း ပြောပါတယ်။ ဂျပန်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ဟာ မိတ်ဆွေကောင်း မိတ်ဆွေဟောင်း နိုင်ငံတွေ ဖြစ်ကြသလို လွတ်လပ်ရေး ကြိုးပမ်းမှု စတင်တဲ့ ကာလကတည်းကပဲ ဆက်ဆံခဲ့တဲ့ သမိုင်းကြောင်းတွေ ရှိတယ်လို့ ပြောပါတယ်။ အတိတ်ဆိုတာဟာ သင်ခန်းစာရယူဖို့ဖြစ်ပြီး အခြေအနေ ဖန်တီးပိုင်ခွင့်ရှိတဲ့ လက်ရှိပစ္စုပ္ပန်မှာ နေထိုင်ကြသူတွေက အနာဂတ်ကို ပိုပြီးကောင်းအောင်တည်ဆောက်ဖို့ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် ဂျပန်-မြန်မာ ဆက်ဆံရေးမှာလည်း အတိတ်က ရှိခဲ့တာတွေကို သင်ခန်းစာရယူပြီး ချစ်ကြည်ရင်းနှီးမှုကို ပိုပြီးခိုင်မာအောင် လုပ်ရမယ်လို့ ဆိုပါတယ်။
2 years Ago
Up