စပါးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ တကျော့ပြန် အောင်မြင်မှု ရှာဖွေနေတဲ့ မော်ရင်ဟိုဟာ တပည့်ဟောင်း ဖယ်လိုင်နီကို စပါးအသင်းထံ ခေါ်ယူဖို့ ဆက်သွယ်နေတယ်လို့ Daily Star သတင်းမှာ ဖော်ပြထားပါတယ်။
လက်ရှိ စပါးလူစာရင်းကို အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ထားတဲ့ မော်ရင်ဟိုဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကစားသမားအသစ် ခေါ်ယူမှုများစွာ ပြုလုပ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဒီလိုခေါ်ယူမှုတွေမှာ လူငယ်ကစားသမားတွေအစား မော်ရင်ဟိုဟာ ဝါရင့်ကစားသမားတွေကို ပိုမိုပစ်မှတ်ထားလာနိုင်ပြီး တပည့်ဟောင်း ဖယ်လိုင်နီကတော့ သူ့ရဲ့ဦးစားပေး အပြောင်းအရွှေ့ ဖြစ်လာနိုင်ပါတယ်။
လက်ရှိအချိန်မှာ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဖယ်လိုင်နီဟာ တရုတ်စူပါလိဂ်ကလပ် ရှန်ဒေါင်း လူနန်တိုင်ရှန်းအက်ဖ်စီမှာ ကစားနေပြီး မော်ရင်ဟိုက အပြောင်းအရွှေ့အတွက် သူ့ကို တိုက်ရိုက်ဆက်သွယ်နေတယ်လို့ ဘယ်လ်ဂျီယမ် သတင်းစာ Les Sports မှာ ဖော်ပြပါတယ်။
ဖယ်လိုင်နီဟာ မော်ရင်ဟို ယူနိုက်တက် နည်းပြဖြစ်ခဲ့စဉ်က သူ့စိတ်ကြိုက်ကစားသမားတဦး ဖြစ်ခဲ့ပြီး တိုက်စစ်၊ ခံစစ် နှစ်မျိုးစလုံးအတွက် အသုံးပြုခံခဲ့ရပြီး သူကလည်း ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကို အားပြုပြီး မော်ရင်ဟိုအတွက် ရလဒ်ကောင်းတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မော်ရင်ဟို ထုတ်ပယ်ခံခဲ့ရပြီး အိုလေဂန်းနာ ဆိုးရှားလက်ထက်မှာတော့ ဖယ်လိုင်နီဟာ လူငယ် ကစားသမားတွေရဲ့ နောက်မှာသာ ပွဲထွက်ခွင့်ရခဲ့ပြီးနောက်ပိုင်းမှတော့ တရုတ်စူပါလိဂ်ကို ရောင်းထုတ်ခံခဲ့ရပါတယ်။
ဒါပေမဲ့ ခံစစ်၊ တိုက်စစ် နှစ်နေရာစလုံးမှာ အသုံးပြုနိင်တဲ့ ဖယ်လိုင်နီကတော့ မော်ရင်ဟိုရဲ့ စိတ်ကြိုက် ကစားသမားတဦးအဖြစ် ရှိနေဆဲဖြစ်ပြီးတော့ သူ့ကို ပရီးမီးယားလိဂ် စာမျက်နှာမှာ ပြန်လည်မြင်တွေ့ရမလား ဆိုတာကိုတော့ မကြာခင် သိရှိရမှာပဲ ဖြစ်ပါတယ်။
3 years Ago