ချားလက်စ်ပီရက်ဇ်

January 31, 2020

ဘီစီလိုနာ လူငယ်ကစားသမား ချားလက်စ်ပီရက်ဇ်ကို ရိုးမား ခေါ်ယူ

စီးရီးအေကလပ်ရိုးမားအသင်းဟာ ဘာစီလိုနာအသင်းရဲ့လူငယ်ကစားသမားလေး ချားလက်စ်ပီရက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ ထုတ်ပြန် ကြေညာလိုက်ပါတယ်။  တောင်ပံကစားသမားဟာ ရိုးမားအသင်းကို ယူရို ၁ သန်း  တန် ကနဦးအငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကုန်ဆုံးတဲ့အထိ ကစားသမားရဲ့လုပ်အားခ အားလုံးကို ရိုးမားဘက်က ပေးချေသွားရမှာဖြစ်ပါတယ်။  သဘောတူညီခဲ့တဲ့စာချုပ်အရ  ရိုးမားအသင်းဟာ အသက် ၂၁ နှစ်အရွယ်ကစားသမားကို လာမယ့်ဇွန်လ အငှားစာချုပ်ပြည့်ချိန်မှာ ယူရို ၁၁ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ပါ ပါဝင်နေပါတယ်။ ဒီစာချုပ်မှာ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေပြည့်မီပါက ကစားသမားရဲ့စွမ်းဆောင်ရည်အတွက် နောက်ထပ်ထပ်တိုးဆုကြေးတွေကိုလည်း ရိုးမားအသင်းဘက်က ပေးချေရမှာ ဖြစ်ပါတယ်။  ဒီပေးချေမှုတွေဟာ အများဆုံး ယူရို ၄ ဒသမ ၅ သန်းအထိ ရှိလာနိုင်ပါတယ်။  ပီရက်ဇ်ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ကစားသမားဟာ ရိုးမားအသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုရမှာဖြစ်ပြီး ဘာကာအသင်းဘက်က ကစားသမားကိုရောင်းချခွင့်နဲ့ ပတ်သက်လို့ သူတို့ဘက်က ငြင်းဆိုခွင့်ကိုပါ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ “ကျနော်အသင်းကောင်းတသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာလာခဲ့ ရတယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် ဒါနောက်ထပ် အသင်းကြီးတသင်းဖြစ်တဲ့ ရိုးမားအသင်းကို ရောက်ရှိလာတာပါ။ ဒီအပြောင်းအရွေ့အတွက် တကယ်ပဲပျော်ရွှင်မိပြီး အသင်းဖော်အသစ်တွေနဲ့ လေ့ကျင့်မှုပြုလုပ်ဖို့ မစောင့်နိုင်တော့အောင်ပါပဲ” လို့ ရိုးမားကစားသမားသစ် ပီရက်ဇ်က ပြော ပါတယ်။  ရိုးမားအမှုဆောင်ချုပ် ဂိုင်ဒို ဖီရန်ဂါကလည်း ပီရက်ဖ်ကိုခေါ်ယူနိုင်တဲ့အတွက် ဝမ်း မြောက်မိကြောင်း ပြောဆိုလိုက်ပြီး ကစားသမားဟာ အသင်းမှာ အလျင်အမြန်အထိုင်ကျဖို့ မျှော်လင့် တယ်လို့ ပြောပါတယ်။  ပီရတ်ဇ်ဟာ ရိုးမားအသင်းမှာ ကျောနံပါတ် ၃၁ ကိုဝတ်ဆင်ကစားမှာဖြစ်ပါတယ်။  ပီရတ်ဇ်အပြင်ရိုးမားအသင်းဟာ အယ်လ်ချီအသင်းရဲ့အသက် ၂၁ နှစ်အရွယ် လူငယ်ကွင်း လယ်လူ ဂွန်ဇာလို ဗီလာကိုလည်း ခေါ်ယူနိုင်ခဲ့ပြီလို့သိရပါတယ်။  ကွင်းလယ်ကစားသမားအတွက် ရိုးမားအသင်းဟာ ယူရို ၄ သန်းပေးခဲ့ရပြီး ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။  ဗီလာဟာ ရိုးမားအသင်းမှာ နံပါတ် ၁၄ ကို ဝတ်ဆင်ကစားမှာဖြစ်ပြီး “ဒါဟာကျနော် အတွက် စိန်ခေါ်မှုကြီးပါ‌ေ ကျနော်ဘယ်လောက်အထိ စွမ်းဆောင်နိုင်တယ်ဆိုတာကို ပြသဖို့ မစောင့်နိုင်အောင်ပါပဲ” လို့ ကစားသမားသစ်ကပြောပါတယ်။  ရိုးမားအသင်းဟာ လက်ရှိ စီးရီးအေအမှတ်ဇယားရဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး လာမယ့် စနေနေ့ ဆက်ဆူအိုလိုအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 
1 year Ago
Up