ချမှတ်

January 22, 2020

အင်တာပိုလ် အကြီးအကဲဟောင်းကို ထောင်ဒဏ် ၁၃ နှစ်ခွဲနှင့် ယွမ်ငွေ ၂ သန်း ချမှတ်

အင်တာပိုလ် အကြီးအကဲဟောင်း မုန့်ဟောင်ဝေကို အဂတိလိုက်စားမှုနဲ့ တရုတ်တရားရုံးက ထောင်ဒဏ် ၁၃ နှစ်ခွဲနဲ့ ငွေဒဏ် ယွမ်ငွေ ၂ သန်း ဇန်နဝါရီ ၂၁ ရက်မှာ  ချမှတ်လိုက်ပါတယ်။ မုန့်ဟောင်ဝေဟာ နိုင်ငံတော် ရန်ပုံငွေ အများအပြား သုံးစွဲကာ အာဏာအလွဲသုံးစားပြုပြီး ပါတီရဲ့ ဆုံးဖြတ်ချက်တွေကို မလိုက်နာခဲ့ဘူးဆိုတာ စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ တရုတ်ကွန်မြူနစ်ပါတီက ၂၀၁၉ မတ်လမှာ ကြေညာခဲ့ပါတယ်။  သူဟာ  ယွမ်ငွေ ၁၄ ဒသမ ၄၆ သန်း တန်ဖိုးရှိတဲ့  ပစ္စည်းတွေကို လာဘ်ငွေအနေနဲ့ လက်ခံခဲ့ပြီး ၂၀၀၅ ကနေ ၂၀၁၇ အတွင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ ကမ်းခြေစောင့်တပ်ဖွဲ့ ရာထူးတာဝန်တွေ ထမ်းဆောင်ချိန်မှာ အာဏာအလွဲသုံးစားလုပ်ခဲ့တယ်လို့ တီယန်ကျင်း တရားရုံးက ပြောကြားပါတယ်။   မုန့်ဟောင်ဝေက အဂတိလိုက်စားမှုမှာ သူအပြစ်ရှိကြောင်း ၂၀၁၉ ဇူလိုင်လမှာ ဝန်ခံခဲ့ပြီး တရားရုံး ဆုံးဖြတ်ချက်ကို အယူခံဝင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။  ၂၀၁၈ ခုနှစ်နှောင်းပိုင်းမှာ ပြင်သစ်အခြေစိုက် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုလ်က မုန့်ဟောင်ဝေ အင်တာပိုလ် အကြီးအကဲရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။  သူ့ရဲ့ ဇနီးဖြစ်သူက ခင်ပွန်းသည်ဟာ ဇာတိမြေ တရုတ်နိုင်ငံသွားရင်း ပျောက်ဆုံးခဲ့ကြောင်း တိုင်ကြားပြီး ရက်ပိုင်းအကြာမှာ ကြေညာခဲ့တယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။ 
1 year Ago
Up