ချမ်းမြသာစည်မြို့နယ်

November 13, 2020

ချမ်းမြသာစည်မြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်ခဲ့သူ ဆရာမ ၁ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ  မဲရုံတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ တစ်ဦး ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်း ဆေးစစ်ချက်အရ ကိုဗစ်-၁၉  ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရတာကြောင့် သူနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ မဲရုံတာဝန်ကျသူ ၂၁ ဦးနဲ့ ရပ်ကွက် အတွင်း ထိစပ်ထားသူ ၉ ဦးကို ပုသိမ်ကြီးမြို့ရှိ ကွာရန်တင်းစင်တာသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အဆိုပါ ဆရာမဟာ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်(၉၀၂) သီတာအေး မြောက်ရပ်၊ မဲရုံအမှတ် ၁ မှာ မဲရုံတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့ မတိုင်ခင်ကတည်းက အဖျားရှိခဲ့ပေမယ့် မဲရုံတာဝန်ထမ်းဆောင်ခဲ့ရပြီးတဲ့နောက် နိုဝင်ဘာ ၁၁ ရက် နေ့မှာ အနံ့ပျောက်တာကြောင့် မန္တလေးပြည်သူ့ဆေးရုံကြီး Fever Clinicကို ပို့ဆောင်ခဲ့တယ်လို့ လူမှုကူညီရေးအသင်း ပို့ဆောင်ပေးခဲ့ သူတွေက ပြောပါတယ်။ ချမ်းမြသုခ ပရဟိတ လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးသန်းထွေးလှိုင်က"အဲ့ဆရာမကတော့ ဘယ်သူနဲ့ထိစပ်တယ်မသိရဘူး၊ သူက မဲမပေးခင်တုန်းက နေမကောင်းချင်သလို ဖြစ်နေတယ် ပေါ့နော်။ ဖြစ်နေပြီးတဲ့ခါကျတော့ နောက်ကျတော့သူက မဲရုံမှာလုပ်လိုက်သေးတယ်။ အဲ့လို လုပ်လိုက်ပြီးတဲ့နောက်ကျတော့ အဲ့မှာ အနံ့ပျောက်လာတယ်ဆိုတာနဲ့ သူ့ကို ပြည်သူ့ဆေးရုံကြီးကို ပို့ရတာလေ၊ ပို့လိုက်တဲ့ခါကျတော့ အဲ့မှာကျမှ ပေါ့စတစ်ထွက်လာတာ"လို့ပြောပါတယ်။ ပိုးတွေ့သူရဲ့ နေအိမ်နဲ့ ရပ်ကွက်အတွင်းကိုလည်း ပရဟိတလူမှုကူညီရေးအသင်းတွေက  ကိုဗစ်-၁၉ ‌ရောဂါပိုးသတ်ဆေးဖျန်းတာ‌တွေ ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။  မန္တလေးမြို့မှာ နို၀င်ဘာ ၁၂ ရက်နေ့ အထိ ပိုးတွေ့လူနာ ၂,၈၀၀ လောက်အထိ ရှိပြီဖြစ်ပြီး သေဆုံးသူ ၁၈ ဦး ရှိပြီ ဖြစ်ပါတယ်။ သတင်း - ထိန်ထိန်လင်း၊ ဓာတ်ပုံ - ချမ်းမြသုခ ပရဟိတလူမှုကူညီရေးအသင်း
5 months Ago

October 25, 2020

ချမ်းမြသာစည်မြို့နယ်တွင် မီးပွိုင့်မျဉ်း ရေးဆွဲနေသူ ၂ ဦး ကားတိုက်ခံရသဖြင့် သေဆုံး

မန္တလေးမြို့၊ ချမ်းသာစည်မြို့နယ်၊ ၆၈ လမ်းနဲ့ ၁၀၇ လမ်းမီးပွိုင့်မှာ အောက်တိုဘာ ၂၄ ရက်နေ့ မနက်အစောပိုင်း ၁ နာရီခွဲလောက်က ယာဉ်ကြောသတ်မှတ်တဲ့ မျဥ်းတွေ ရေးဆွဲနေတဲ့ အမျိုးသားနှစ်ဦးကို ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ အမှတ် ၁၁ နယ်မြေရဲစခန်းက သိရပါတယ်။ ၆၈ လမ်းနဲ့ ၁၀၇ လမ်း မီးပွိုင့်မှာ မြောက်ဘက်ကနေ တောင်ဘက်ကို မောင်းနှင်လာတဲ့ MDY 7Q/..... GAC Trumpchi Saloon မီးခိုးရောင်ယာဥ်ဟာ အရှိန်မထိန်းနိုင်ဘဲ တဘက်ယာဥ်ကြောထဲ ရောက်ရှိကာ လမ်းပိတ်ပြီး မီးပွိုင့်မျဥ်း ရေးဆွဲနေတဲ့ နိုင်ရဲဝေနဲ့ ရဲမင်းမောင်တို့ကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။ ယာဉ်တိုက်ခံရသူတွေကို မန္တလေးပြည်သူ့ဆေးရံကြီးကို ပို့ဆောင်ကုသနေစဥ် နှစ်ဦးလုံး ယာဉ်တိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ရပြီး ယာဉ်မောင်းသူ နေရှင်းသန့်ဟာလည်း မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းသူ နေရှင်းသန့်ကို အမှတ် ၁၁ နယ်မြေရဲစခန်းမှာ ယာဥ်(ပ)၂၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄- (က) အရ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
6 months Ago
More News
Up