ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲ

February 1, 2020

ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲ ပိုပြီးပြင်းထန်လာမည်ဟု လမ်းပတ်ပြော

ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ လူသစ် ဖြည့်တင်းနိုင်မှု မရှိခဲ့တာကြောင့် လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းဟာ ထိပ်ဆုံး ၄ သင်းနေရာကို ရရှိဖို့ ရေပန်းစားမှု မရှိတော့ဘူးလို့ နည်းပြ လမ်းပတ်က ပြောလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ကာလအတွင်းမှာ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်မှူး ကာဗာနီနဲ့ နာပိုလီ တိုက်စစ်မှူး ဒရိုင်းမာတင်တို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရရှိခဲ့ပါဘူး။  ပြိုင်ဘက်ဖြစ်တဲ့ ယူနိုက်တက်အသင်းက စပို့တင်း ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူပြီးချိန်မှာ အသင်းဘက်က ဘယ်သူ့ကိုမှ မခေါ်ယူနိုင်လိုက်ခြင်းက နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲအတွက် ချဲလ်ဆီးအသင်း ရုန်းကန်ရနိုင်တဲ့ ခံစားချက်ကို ဖြစ်စေကြောင်း လမ်းပတ်က ဝန်ခံပါတယ်။ ပြိုင်ဘက်အသင်းတွေရဲ့ အပြိုင်အဆိုင် လူအင်အား ဖြည့်တင်းမှုနဲ့ ပတ်သက်ပြီး စိုးရိမ်မှုရှိ၊ မရှိ မေးမြန်းမှုအပေါ် လမ်းပတ်က “စိုးရိမ်မိပါတယ်။ လက်တွေ့မှာလည်း ကျနော်တို့ဟာ ဘယ်အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ကစားသမားအသစ် မခေါ်ယူနိုင်ခဲ့ဖူးလေ။ ယူနိုက်တက်ကို ကြည့်မယ်ဆိုရင် ကမ္ဘာ့အဆင့် ကစားသမားကို ခေါ်ယူနိုင်ခဲ့ပါတယ်။ အမှတ်ပေးဇယားမှာ ကျနော်တို့နဲ့ မတိမ်းမယိမ်း ရှက်ဖီးအသင်းဟာလည်း ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှုတချို့ လုပ်ဆောင်နိုင်ခဲ့ပြီး စပါးအသင်းဆိုရင်လည်း ဒီလိုပါပဲ။ ကစားသမားအသစ် ခေါ်ယူနိုင်ခဲ့ခြင်းက ရှိပြီးသား ကစားသမားအစုအဖွဲ့ရဲ့ ခံစားချက်ကို ပြောင်းလဲပေးနိုင်ပါတယ်။ တခြားအသင်းတွေဟာ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေကို ချမှတ်နိုင်ခဲ့ပြီးတော့ ခေါ်ယူမှုတွေ အကျိုးဖြစ်ထွန်းမှုရှိ၊ မရှိကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ အသင်းတွေရဲ့ အပြိုင်အဆိုင် အားဖြည့်မှုတွေကြောင့် ကျနော်တို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် သိပ်ရေပန်းမစားတော့တဲ့ အနေအထားကို ရောက်ရှိသွားခဲ့တယ်၊ ဒါဟာ အမှန်တရားပါ။ ဒါပေမဲ့ ဒီလိုပြောတာက ကျနော့်အသင်းကို ဆွဲချနေတာ မဟုတ်ပါဘူး။ လက်ရှိမှာ ကျနော်တို့ဟာ အဆင့် ၄ နေရာကို ၆ မှတ်အကွာနဲ့ ရပ်တည်နေတာ” လို့ လမ်းပတ်က ဖြေကြားခဲ့ပါတယ်။ အပြောင်းအရွှေ့ကာလမှာ လူသစ် မခေါ်ယူနိုင်ခဲ့ခြင်းအပေါ် ပရိသတ်တွေဘက်က ဒေါသထွက်မှုတွေ ရှိနေပေမယ့် လမ်းပတ်ကတော့ ဒီအခြေအနေအပေါ် အကောင်းဘက်က ရှုမြင်နေပါတယ်။  အကျိုးမဖြစ်ထွန်းတဲ့ ကစားသမားကို ခေါ်ယူမိတာထက်စာရင် ဘယ်ကစားသမားကိုမှ မခေါ်ယူနိုင်ခဲ့တာက ပိုကောင်းတယ်လို့လည်း လမ်းပတ်က ပြန်ဖြေကြားလိုက်ပါတယ်။
1 year Ago
Up