အခုရာသီ ချန်ပီယံလိဂ်ဖလားကို ဘိုင်ယန်မြူးနစ်အသင်းက ဆွတ်ခူးသွားနိုင်ဖွယ် ရှိနေတယ်လို့ နာမည်ကြီး ဝါရင့်ကစားသမား နှစ်ဦးဖြစ်တဲ့ ဒီယတ်မာဟားမန်းနဲ့ ဒီမီတာ ဘာဘာတော့ဗ်တို့က ဟောကိန်းထုတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ဖော်ဝါရီလမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီးအသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး နောက်တဆင့် တက်ဖို့ လားအလာ ကောင်းတစ်ခုကို ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့မှုကြောင့် ဒုတိယအကျော့ပွဲစဉ်တွေ အများအပြားကို ရပ်နားထားရပေမယ့် ပီအက်စ်ဂျီ၊ အတ္တလန္တာ၊ အက်သလက်တီကိုနဲ့ လိုက်ပစ်ဇ်အသင်းတို့ဟာ ကွာတားအဆင့်ကို တက်လှမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲမယ့်အသင်းကိုတော့ ဒုတိယအကျော့ကစားဖို့ ကျန်ရှိနေသေးတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ဟားမန်းက ရွေးချယ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ် ကစားသမားဟောင်း ဟားမန်းက “ဒီရာသီမှာ ဘိုင်ယန်မြူးနစ်ဟာ တော်တော်လေးကောင်းမွန်တဲ့ အခြေအနေတစ်ရပ်ကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ဟာ နည်းပြဟောင်းလက်ထက်မှာ နည်းနည်းလေး ရုန်းကန်ခဲ့ရပေမဲ့ အခုနည်းပြသစ် ဟန်ဖလစ် လက်ထက်မှာတော့ ပိုကောင်းတဲ့ အသင်းတစ်သင်းအဖြစ် ပြန်လည်ထွက်ပေါ်လာခဲ့ပြီ” လို့ ပြောပါတယ်။
ဟားမန်းဟာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွေ ပြန်လည်စတင်ချိန်မှာ ဘိုင်ယန်အသင်းဟာ အနိုင်ယူဖို့ခက်ခဲတဲ့အသင်း ဖြစ်လာလိမ့်မယ်လို့လည်း ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာလည်း ဒုတိယနေရာက ဒေါ့မွန်အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ဒီအနိုင်ရလဒ်ကြောင့် သူတို့နှစ်သင်းအကြား အမှတ်ကွာဟချက်ဟာ ၇ မှတ်အထိ ရှိလာပြီး ပြည်တွင်းမှာလည်း ဗိုလ်စွဲဖို့ အလားအလာကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဟားမန်းနည်းတူ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တော့တင်မ်ဟမ် ကစားသမားဟောင်း ဘာဘာတော့ဗ်ကလည်း ဘိုင်ယန်မြူးနစ်အသင်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်မယ်လို့ ကြိုတင်ဟောကိန်းထုတ်ခဲ့ပါတယ်။
ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အခြေအနေအရ အခုခြေစွမ်းကိုသာ ဆက်ထိန်းနိုင်မယ်ဆိုရင် ဘိုင်ယန်မြူးနစ်အသင်းဟာ ဗိုလ်စွဲသွားနိုင်ပါတယ်လို့ ဘာဘာတော့ဗ်က ပြောပါတယ်။
“ကျနော် ဘွန်ဒက်စ်လီဂါပွဲတွေ အကြည့်များလို့ ဒီလိုပြောမိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ကစားပုံဟာ တကယ်ကို အထင်ကြီးစရာဖြစ်ပြီးတော့ သူတို့ရဲ့ကစားသမားတွေဟာလည်း တကယ့်ဂရိတ်တွေပါ။ သူတို့ ချဲလ်ဆီးကို ပထမအကျော့မှာ အနိုင်ယူသွားခဲ့တာဟာ တကယ့်ကို အထင်ကြီးစရာကောင်းပါတယ်။ ကျနော့်အတွက် အက်သလက်တီကိုအသင်းဟာလည်း ဗိုလ်စွဲနိုင်ခြေရှိတဲ့ အသင်းတစ်ခု ဖြစ်ပေမယ့် ဘိုင်ယန်နဲ့ယှဉ်ရင်တော့ ဘိုင်ယန်က နှာတဖျား သာနေပါတယ်” လို့ ဘာဘာတော့ဗ်က သုံးသပ်ပါတယ်။
10 months Ago