နာဝှယ်လို့ ခေါ်တဲ့ ချစ်စရာကောင်းတဲ့ ခွေးလေးတကောင်ဟာ လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ အတော်လေးကို ရေပန်းစားနေတပါတယ်။
အကြောင်းကတော့ သူဟာ အမြီးလေးနှစ်ချောင်းကို ပိုင်ဆိုင်ထားလို့ပါ။ ပိုပြီးထူးခြားတာက သူ့ရဲ့ဒုတိယမြောက် အမြီးလေးဟာ ခေါင်းပေါ်မှာရှိနေလို့ပါပဲ။
၁၀ ပတ်သားလေး နာဝှယ်ဟာ မကြာသေးခင်ကမှ မစ်ဆိုရီအခြေစိုက် Mac’s Mission လို့ ခေါ်တဲ့ စောင့်ရှောက်ရေးဂေဟာတခုကို ရောက်ရှိလာခဲ့တာပါ။
ဒီဂေဟာဟာ ထူးခြားဆန်းပြားပြီး အကူအညီလိုအပ်နေတဲ့ ခွေးလေးတွေကို ဦးစားပေးစောင့်ရှောက်လို့ နာမည်ကြီးပါတယ်။
ဒါ့ကြောင့် ဒီမှာရှိတဲ့ ဝန်ထမ်းတွေဟာ သာမန်ထက်ထူးခြားတဲ့ ခွေးလေးတွေနဲ့ အကျွမ်းတဝင်ရှိကြပေမယ့် နာဝှယ်လေးရဲ့ ပုံပန်းသဏ္ဌာန်ကတော့ သူတို့အတွက်ပထမဆုံးပါပဲ။
ဒီလိုထူးဆန်းတဲ့ နာဝှယ်လေးအကြောင်းကို ဂေဟာက လူမှုကွန်ရက်ပေါ် မျှဝေခဲ့ပြီး ခဏလေးအတွင်းမှာပဲ ဒီခွေးထူးဆန်းလေးဟာ လူတိုင်းရဲ့ အာရုံကိုဖမ်းစားနိုင်လိုက်ပါတယ်။
“ဒီကိုရောက်လာတဲ့လူတိုင်းက သူ့အကြောင်းကို အရမ်းသိချင်နေကြပါတယ်။ သူတို့အားလုံး လိုလိုက ဒီလိုရောက်လာပြီးတော့ နာဝှယ်လေးနဲ့ ကစားလို့ရမလား၊ ဓာတ်ပုံရိုက်လို့ ရမလားလို့ တမေးတည်းမေးနေကြပါတယ်” လို့ Mac’s Mission ကို တည်ထောင်သူ ရိုချယ်လီ စတက်ဖန်က ပြောပါတယ်။
“သူကအရမ်းကိုချစ်ဖို့ကောင်းပါတယ်။ မြင်ဖူးသမျှထဲမှာ အထူးခြားဆုံးပါပဲ” လို့ သူက ဆက်ပြောပါတယ်။
လူတိုင်းက စိတ်ဝင်စားနေကြတဲ့ နာဝှယ်လေးဟာ သူရဲ့တမူထူးခြားတဲ့အမြီးလေးကြောင့် ယူနီကွန်း ခွေးလေးတို့လည်း နာမည်ရရှိထားပါတယ်။
မကြာသေးခင်က နာဝှယ်လေးကို ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ဓာတ်မှန်ရလဒ်အရတော့ သူ့ခေါင်းပေါ်က အမြီးအပိုလေးမှာ အရိုးတခုမှ မပါဝင်တာကို တွေ့ ရပါတယ်။ ဒါ့ကြောင့် သူဟာ ဒီအမြီးလေးကို လှုပ်ယမ်းတာမျိုး၊ နှန့်တာမျိုးတော့ ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။
Mac’s Mission ဂေဟာဟာ ခွေးလေးတွေကို ပြုစုစောင့်ရှောက်ပေးရုံတင် မဟုတ်ဘဲ လိုချင်တဲ့လူရှိရင်လည်း မွေးစားဖို့ပေးလေ့ရှိပေမယ့် နာဝှယ်လေးတွေကိုတော့ သူတို့ရဲ့ မွေးစားဖို့ပေးမယ့် စာရင်းထဲမှာ ထည့်သွင်းထားခြင်း မရှိပါဘူး။
အကြောင်းကတော့ သူ့မှာရှိနေတဲ့ အမြီးအပိုလေးဟာ ပြဿနာတစုံတခုဖြစ်နိုင်လားဆိုတာ သေသေချာချာ မသိရသေးလို့ပဲ ဖြစ်ပါတယ်။
Ref: OC
3 years Ago