ချင်းအမျိုးသားနေ့

February 20, 2020

လူငယ်မျိုးဆက်သစ်များကို ဒီမိုကရေစီစိတ်ဓာတ် အမွေပေးရန် ချင်းအမျိုးသားနေ့တွင် တိုက်တွန်း

ချင်းတိုင်းရင်းသားမျိုးဆက်သစ်လူငယ်တွေအတွက် တန်ဖိုးကြီးမားလှတဲ့ နိုင်ငံရေး အမြင်ကျယ်မှုနဲ့ ဒီမိုကရေစီစိတ်ဓာတ်တွေကို လက်ဆင့်ကမ်း အမွေပေးသွားနိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချင်းတိုင်းရင်းသားတွေကို တိုက်တွန်း နှိုးဆော် လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြည်နယ်အဆင့် ကျင်းပရာမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့တာပါ။ မပြီးဆုံးသေးတဲ့ ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်ကို ဆက်လက်ဖြည့်ဆည်းနိုင်ဖို့ အခုပြုလုပ်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာလည်း ချင်းတိုင်းရင်းသားကိုယ်စားလှယ်တွေဟာ တက်တက်ကြွကြွပူးပေါင်း ကြိုးပမ်းဆောင်ရွက်နေတဲ့အတွက် ကျေးဇူးတင်ပါကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသဖြစ်ခဲ့တဲ့ ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘက်စုံကနေ နည်းမျိုးစုံနဲ့ ဆောင်ရွက်နေသလို လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးဆောင်ရွက်နေပြီး ပညာရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ ကျန်းမာရေးကိုလည်း အလေးထား ‌ဆောင်ရွက်ပေးနေတယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။  ချင်းအမျိုးသားနေ့ပွဲကို ပြည်နယ်အစိုးရဖွဲ့က ဦးဆောင်ပြီး ကျပ်သိန်းပေါင်း ၃၀၀၀ ကျော် အကုန်ကျခံကာ ပထမဆုံးအကြိမ်အဖြစ် ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြည်နယ်အဆင့် ကျင်းပတာ ဖြစ်ပါတယ်။ ဓာတ်ပုံ- State Counsellor
1 year Ago
Up