ချင်းမိုင်တက္ကသိုလ်

June 19, 2020

ချင်းမိုင်တက္ကသိုလ် အချစ်တော်ခွေးလေး သေဆုံးမှု ရဲစခန်းရှေ့တွင် ထပ်မံဆန္ဒပြ 

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် အချစ်တော်ခွေးလေးသေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ခွေးချစ်သူတွေက ချင်းမိုင်မြို့ ရဲစခန်းရှေ့မှာ ထပ်မံဆန္ဒပြခဲ့ကြပါတယ်။ ချင်းမိုင်တက္ကသိုလ်ဝင်းထဲမှာ ကျင်လည်ကျက်စားပြီး တက္ကသိုလ်အသိုင်းအဝိုင်းရဲ့ ချစ်ခင်မှုကို ရရှိတဲ့ ဖိတေ့အမည်ရှိ ခွေးထီးလေးတစ်ကောင်ဟာ ပြီးခဲ့တဲ့လက ပျောက်ဆုံးသွားပြီးတဲ့နောက် လမ်းဘေးခြုံပုတ်ထဲမှာ အိတ်ထဲထည့်ပြီး လာပစ်ထားတဲ့ အနေအထားနဲ့ ပြန်တွေ့ခဲ့ပါတယ် ။  ဖိတေ့ကို တိရစ္ဆာန်ဆေးရုံရင်ခွဲရုံမှာ ခွဲစိတ်ကြည့်ရာမှာ အတွင်းကြေဒဏ်ရာတွေနဲ့ သေဆုံးနေ တာတွေ့လို့ သူဟာ အသတ်ခံရတယ်လို့ ယူဆပြီး ဖိတေ့အချစ်တော်တွေက ချင်းမိုင် ချန့်ဖိုတ်ရဲစခန်း ကို သွားရောက်တိုင်ကြားခဲ့ပါတယ်။  ရဲစခန်းက ခွေးကလေးပျောက်ဆုံးပုံ နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာမှာ မပျောက်ခင်ညက လူတယောက်ဆိုင်ကယ်နဲ့တင်သွားတဲ့ စီစီကင်မရာကိုတွေ့ပြီး အဆိုပါလူကို စုံစမ်းဖော်ထုတ်ခဲ့ပါ တယ်။  ခွေးကလေးကို တင်သွားသူမှာ နယ်ခြားစောင့်တပ်ကရဲတပ်ကြပ် ၁ ဦးဖြစ်တာကြောင့် အဆိုပါသူ့အမှုကို ချန့်ဖိုတ်ရဲစခန်းက နယ်ခြားစောင့်တပ်ဌာနချုပ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။  အဆိုပါ ရဲတပ်ကြပ်ကို အရေးယူပေးဖို့ ခွေးချစ်သူနဲ့ Watch Dogs Thailand အဖွဲ့အစည်းက တရားလိုလုပ်တိုင်ကြားခဲ့တာမှာ နယ်ခြားစောင့်တပ်က အဆိုပါရဲတပ်ကြပ်ကို ခိုးမှု၊ တိရစ္ဆာန်ညှဉ်း ပန်းနှိပ်စက်မှု ၊ ခွေးသေကို စွန့်ပစ်မှု စတဲ့အမှု ၃ မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။  ဒါပေမယ့် ရဲတပ်ကြပ်က ခွေးသေစွန့်ပစ်မှုတခုကိုပဲ ဝန်ခံပြီး ကျန်တဲ့ပြစ်မှု ၂ ခု မကျူး လွန်ရဘူးလို့  ငြင်းဆိုထားပါတယ်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အဆိုပါရဲတပ်ကြပ်ကို တာဝန်မှ ရပ်ဆိုင်းထားပါတယ်။  ဒါပေမယ့် ရဲတပ်ကြပ်မှာ ဖမ်းဆီးခံရခြင်းမရှိဘဲ အပြင်မှာလွတ်မြောက်နေတဲ့အပြင် အမှုမှာ လည်း ငြိမ်သက်နေလို့ ခွေးချစ်သူတွေက ကျေနပ်အားရခြင်းမရှိကြပါဘူး။  ဒါကြောင့်  အမှုမှန်ပေါ်ပေါက်အောင် ဖော်ထုတ်ပေးဖို့၊ ရဲတပ်ကြပ်ကို ထိရောက်စွာ အရေး ယူပေးဖို့ ခွေးချစ်သူတွေက ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့တုန်းကရော ဒီကနေ့ ဇွန်လ ၁၇ နေ့တွေမှာပါ ဆန်ဆိုင်းမြို့နယ်ရှိ နယ်ခြားစောင့်တပ်ရဲစခန်းကို လာရောက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။  တဖက်မှာလည်း တရားစွဲခံရသူ ရဲတပ်ကြပ်ရဲ့ အပေါင်းအဖော်နဲ့ အသိုင်းအဝိုင်းတွေကလည်း ရဲတပ်ကြပ်အတွက် တရားမျှတမှုရရှိရေး အဆိုပါရဲစခန်းမှာ ဒီလဆန်းပိုင်းက လာရောက်ဆန္ဒပြ ခဲ့ကြပါတယ်။  နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူကတော့ တရားစွဲခံရတဲ့ ရဲတပ်ကြပ်ကိုရော၊ သေဆုံးတဲ့ ခွေးကလေးအတွက်ပါ နှစ်ဘက်လုံး တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးမယ့်အကြောင်း၊ ဒါပေ မယ့် သက်သေအထောက်အထားခိုင်လုံမှုပေါ် မူတည်တယ်လို့  ဆန္ဒပြသူတွေကို ပြောသွားပါတယ်။ ခွေးကလေးဘက်ကတော့ တရားရင်ဆိုင်ဖို့ ရန်ပုံငွေတွေအလုံအလောက်ရနေပြီး ခွေးအသတ်ခံရတာကို ခိုင်လုံတဲ့သက်သေအထောက်အထားပြနိုင်သူကို  ဘတ် ၁ သိန်း ဆုချမယ်လို့ Watch Dogs Thailand က ကြေညာထားပါတယ်။ 
12 months Ago

May 29, 2020

ချင်းမိုင်တက္ကသိုလ်အချစ်တော် ခွေးသေဆုံးမှုတွင် ရဲတပ်ကြပ်အား ပြစ်မှု ၃ ခုဖြင့် စွဲချက်တင် 

ချင်းမိုင်တက္ကသိုလ်ကျောင်းသားနဲ့ဆရာ/ဆရာမတို့ရဲ့ အချစ်တော် ခွေးကလေး ဖိတေ့ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အမှတ် ၃၃ နယ်ခြားစောင့်တပ်မှ အသက် ၂၇ နှစ်ရှိ ရဲတပ်ကြပ် ပရင်းယား ဗညားပုတ် ဆိုသူကို ချင်းမိုင်ခရိုင်နယ်ခြားစောင့်တပ်ဌာနချုပ်က မေ ၂၈ ရက်မှာ ပြစ်မှု ၃ ခုနဲ့ စွဲချက်တင်လိုက်ပါတယ်။  ပြစ်မှု ၃ ခုမှာ  ညအချိန်ယာဉ်အသုံးပြုပြီး ဥစ္စာပစ္စည်းခိုးယူမှု၊ တိရစ္ဆာန်ကိုအကြောင်းမဲ့ ညှဉ်းဆဲနှိပ်စက်မှု၊ တိရစ္ဆာန်အသေကောင်ကို စည်းကမ်းမဲ့စွန့်ပစ်မှု  စတာတွေ ဖြစ်ပါတယ်။  ပြစ်မှုထင်ရှားကြောင်း သက်သေခိုင်လုံက ဥစ္စာပစ္စည်းခိုးယူမှုမှာ ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် သို့မဟုတ် ဘတ် ၁ သောင်းထက်မပိုတဲ့ ငွေဒဏ်၊ တိရစ္ဆာန်ကိုအကြောင်းမဲ့ ညှင်းဆဲနှိပ်စက်မှုမှာ ၁ နှစ် ထက်မပိုတဲ့ ထောင်ဒဏ် သို့မဟုတ် ဘတ် ၆ သောင်းထက်မပိုတဲ့ ငွေဒဏ်၊ တိရစ္ဆာန်အသေကောင်ကို စည်းကမ်းမဲ့  စွန့်ပစ်မှုမှာ ဘတ် ၂ ထောင်ထက်မပိုတဲ့ ငွေဒဏ် အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။  ရဲတပ်ကြပ် ပရင်းယားကတော့  ဦးထုတ်ငိုက်ငိုက်ဆောင်းပြီး နှာခေါင်းစည်းတပ်ကာ ရှေ့နေ ၂ ဦးနဲ့အတူ စွဲချက်ကို လာရောက်နာယူခဲ့ပါတယ်။  ပြစ်မှု ၃ ခုအနက် တိရစ္ဆာန်အသေကောင် စွန့်ပစ်မှု ၁ မှုတည်းကိုသာ ဝန်ခံပြီး ကျန်တဲ့ ၂ မှုကို မကျူးလွန်ကြောင်း၊ ခွေးကလေးကို လည်ပတ်ဖို့ ခေါ်ဆောင်ခြင်းသာဖြစ်ပြီး ခွေးက သူ့ဖာသာ ခုန်ချလို့ ဆိုင်ကယ်နောက်ဘီးနဲ့ ကြိတ်မိကာ မတော်တဆ သေဆုံးရတာလို့ သူကပြောပါတယ်။  ချင်းမိုင်တက္ကသိုလ်အချစ်တော် ခွေးကလေး ဖိတေ့ သေဆုံးမှုမှာ အမှန်တရား ဖော်ထုတ်ပေးဖို့နဲ့ ကျူးလွန်သူကို အရေးယူပေးဖို့ WatchDog Thaniland ခွေးချစ်သူများအဖွဲ့က တရားလိုလုပ်ပြီး ချန့်ဖိုတ်နယ်မြေရဲစခန်းကို တိုင်တန်းထားရာမှာ ရဲစခန်းကနေ အဆိုပါရဲတပ်ကြပ်ရဲ့ မိခင်တပ်ရင်း နယ်ခြားစောင့်တပ်ကို အမှုလွှဲပြောင်းခဲ့တာ ဖြစ်ပါတယ်။  ရဲတပ်ဖွဲ့ရဲ့ အရေးယူဆောင်ရွက်ချက်တွေပေါ် အားရမှုမရှိကြောင်း WatchDog Thaniland အဖွဲ့ တာဝန်ရှိသူက ပြောဆိုပြီး ဖိတေ့ဟာ တမင်ကြံစည်အသတ်ခံရတာလို့ ယုံကြည်ကြောင်း၊ အသတ်ခံရကြောင်း သက်သေပြနိုင်သူကို ဘတ် ၁ သိန်း ဆုချမယ်လို့ ကြေညာထားပါတယ်။  ၇ နှစ်သားအရွယ် ခွေးထီးကလေး ဖိတေ့ဟာ ချင်းမိုင်တက္ကသိုလ်ဝင်းထဲမှာ ကျင်လည်ကျက်စားနေတဲ့ လေလွင့်ခွေးတစ်ကောင်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ ကျောင်းသားတွေ လှုပ်ရှားရာနောက် တကောက်ကောက်လိုက်တတ်တာ၊ ချစ်စရာကောင်းပြီး လိမ္မာတာကြောင့် လူတိုင်းရဲ့ အချစ်တော်ဖြစ်နေတာပါ။ သူဟာ မေလ ၃ ရက်နေ့မှာ ပျောက်သွားပြီး ၇ ရက်နေ့မှာတော့ သေဆုံးနေတဲ့ခွေးကို အိတ်ထဲထည့်ပြီး လမ်းဘေးမှာ လာပစ်ထားတာ တွေ့ရပါတယ်။  သူတို့အချစ်တော် ခွေးကလေးသေဆုံးသွားတဲ့အတွက် ချင်းမိုင်တက္ကသိုလ်အသိုက်အဝန်းက လွန်စွာနှမျောဝမ်းနည်းပြီး ကောင်းမွန်စွာပြန်သင်္ဂြိုဟ်ပေးခဲ့သလိ‌ေ ဖိတေ့အမှတ်တရ ဗွီဒီယိုကလစ်တွေ၊ သီချင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။  ကိုးကား - မန်နေဂျာအွန်လိုင်း ၊  ထိုင်းရတ် ၊ ချင်းမိုင်နယူးစ်
1 year Ago
Up