စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ချင်းတွင်းတံတား (မုံရွာ) ကို စစ်ကောင်စီက ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်လမ်းခွဲနားမှာ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို ယင်းမာပင် PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ဒီနေ့မနက် ၈ နာရီကျော်လောက်က ယင်းမာပင်ကနေ အရှေ့ရပ်ကို မောင်းလာတဲ့ စစ်ကောင်စီ ကားကြီး ၂ စီးနဲ့ ဆိုင်ကယ် ၁၅ စီးပါတဲ့ ယာဉ်တန်းကို ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်သား ၂၀ လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့တွေဟာ သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့သလို တယ်ပင်ကန်ကျေးရွာက နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
ဒီကနေ့ မနက် ၁၁ နာရီခွဲကျော်လောက်ကလည်း မုံရွာ-ပုသိမ်၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းဆုံ အောင်ဇေယျမြို့သစ်ရပ်ကွက်အနီးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးဒဏ်ရာရမှုအခြေအနေကိုတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ မသိရသေးဘဲ တိုက်ခိုက်ခံရပြီးနောက် မုံရွာဘက်ကနေ စစ်ကောင်စီတပ် ကား ၇ စီးရောက်ရှိနေသလို ချင်းတွင်းတံတား(မုံရွာ)ကိုလည်း ကူးသန်းခွင့် ယာယီပိတ်ထားတယ်လို့ သိရပါတယ်။
ချင်းတွင်းတံတား(မုံရွာ)ကို မွန်းတည့် ၁၂ နာရီလောက်က ယာယီပိတ်လိုက်တာဖြစ်ပြီး မုံရွာကနေ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သွားလာနေတဲ့ ကား၊ ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာခွင့်မရတော့ဘူးလို့ ဆိုင်ကယ်နဲ့ လှည့်ပြန်ခဲ့သူရတစ်ဦးက ပြောပါတယ်။
မုံရွာကို စျေးဝယ်လာတဲ့ ကုန်ကားမောင်သူတစ်ဦးကလည်း “အခု နေ့လယ် ကျနော်တို့က မုံရွာက ယင်းမာပင်ဘက်ကို ပြန်တယ်၊ တံတားရောက်တော့ အဲဒီစောင့်နေတဲ့ စစ်သားက အခုတံတားပိတ်လိုက်တယ်၊ ဖြတ်သန်းသွားလာလို့မရတော့ဘူး ပြောပြီးပြန်ခိုင်းနေတယ်” လို့ ပြောပါတယ်။
ချင်းတွင်းတံတားအနီးက ရွှေတောင်ဦးမှာလည်း စစ်ကောင်စီတပ်တွေက ရမ်းသမ်းပစ်ခတ်တွေ ပြုလုပ်ခဲ့ကြသလို ချင်းတွင်းတံတားကိုလည်း ဘယ်အချိန်ထိ ပိတ်မယ်ဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ချင်းတွင်းတံတား (မုံရွာ) ဟာ ပုသိမ်-မုံရွာလမ်း၊ မုံရွာ-ယာကြီး- ကလေးဝလမ်း၊ မုံရွာ-ယင်းမာပင်-ပုလဲ-ဂန့်ဂေါလမ်းတွေနဲ့ ဆက်သွယ်ထားတဲ့ အဓိက တံတားတစင်းလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်တို့မှာလည်း ဒီနေ့မနက်ပိုင်းက စစ်ကောင်စီ ယာဉ်တန်းတွေကို ဒေသခံ PDF တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ဘက်ခြမ်းက ဒေသခံပြည်သူတွေဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ မုံရွာမြို့က အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ဆန္ဒပြပွဲနဲ့ ပူးပေါင်းပါဝင် ဆန္ဒပြဖို့အတွက် သွားရောက်စဉ် ချင်းတွင်းတံတား(မုံရွာ)အဝင်လမ်းမှာ စစ်တပ်နဲ့ရဲတွေက သွားခွင့်မပေးဘဲ ပိတ်ဆို့တားဆီးခံနေရပါတယ်။
ဒေသခံပြည်သူတွေက မုံရွာကိုသွားခွင့်မရတာကြောင့် ချင်းတွင်းတံတား(မုံရွာ) တံတားထိပ် ယင်းမာပင်မြို့နယ်ဘက်ခြမ်းမှာဘဲ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြ နေကြပါတယ်။