ချင်း

November 4, 2021

ချင်းတွင် တိုက်ပွဲကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရ၊ ဆေးဝါးနှင့် စားရိက္ခာ အကူအညီလိုအပ်

ချင်းပြည်နယ် မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒေသခံတွေ ၁၁၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့မှာ နိုဝင်ဘာလ ၄ ရက် မနက်ပိုင်းက ကန်ပက်လက် CDF နဲ့ စစ်ကောင်စီတပ်တို့ ၃ နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကျင်ဒွေးမြို့ ဖုံတွီကျင်းရပ်ကွက်မှာ ဒီကနေ့မနက် ၈ နာရီလောက်ကနေ ၁၁ နာရီလောက်အထိ နှစ်ဖက် ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ ကန်ပက်လက် CDF က ထုတ်ပြန်ထားပြီး သေဆုံးဒဏ်ရာရရှိမှုကို ဒီဗွီဘီကတော့ သီးခြားအတည်မပြိုနိုင်သေးပါဘူး။

ကန်ပက်လက် CDF ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျင်ဒွေးမြို့ ဖုံတွီကျင်းရပ်ကွက် အထက်ပိုင်းကို စစ်ကောင်စီတပ်က ဆိုင်ကယ်တွေနဲ့ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကန်ပက်လက် CDF ဘက်က ထိခိုက်ကျဆုံးတာမရှိဘူးလို့ ဆိုပါတယ်။

မင်းတပ်နဲ့ မတူပီ လမ်းတစ်လျောက် ကျေးရွာတွေမှာလည်း အကြမ်းဖက်စစ်ကောင်စီက လက်ရှိအချိန်အထိ တပ်စွဲထားပြီး ပြည်သူပိုင်အိုးအိမ်တွေကို ဖျက်ဆီးတာ၊ ခိုးယူတာ၊ မွေးမြူထားတဲ့ ကြက်ဝက်တွေကို သတ်ဖြတ်စားသောက်ခြင်းတွေ ပြုလုပ်နေတဲ့အပြင် ကျေးရွာ အတွင်းကို လက်နက်ကြီး/ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဘက်က ပြည်သူတွေအပေါ်မှာ ဖြတ်လေးဖြတ် လုပ်ဆောင်နေတာကြောင့် ကျေးရွာမှာနေထိုင်ကြတဲ့ အပြစ်မဲ့ပြည်သူ ၁၁၀၀ လောက်ဟာ တောထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီလိုအပ်နေတယ်လို့ ကြုံတွေ့နေရတယ်လို့ CDFမတူပီက သိရပါတယ်။

နှစ်ဘက်ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ဝင်ရောက်ပစ်ခတ်တာကြောင့် မတူပီ-ပလပ်၀ လမ်းပေါ်မှာရှိတဲ့ တွီရှစ်ကျေးရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မတူပီမြို့နယ်အတွင်း အောက်တိုဘာ ၂၈ ရက်နေ့က CDF-Matupi၊ CDF- Mindat ပူးပေါင်းတပ်နဲ့  စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်စခန်းတွေမှာ တိမ်းရှောင်နေရတဲ့ပြည်သူတွေ အကူအညီအထောက်အပံ့မရတာကြောင့် အခက်အခဲကြုံနေကြရတယ်လို့ ဆိုပါတယ်။

4 weeks Ago

August 3, 2020

ရခိုင်နှင့်ချင်းတွင် အင်တာနက်လိုင်း ပြန်လည်ဖွင့်ပေးသော်လည်း အသုံးပြုမရ

၁ နှစ်ကျော်ကြာ အင်တာနက်ပိတ်ထားခဲ့တဲ့ ရခိုင်ပြည်နယ် မြို့နယ် ၇ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့မှာ သြဂုတ် ၁ ရက်နေ့ ည ၁၀ နာရီကစပြီး အော်ပရေတာအားလုံး အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးလိုက်ပေမဲ့ 2G Network ပဲရရှိကြတဲ့အတွက် လုံးဝ အသုံးပြုမရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဘူးသီးတောင်မြို့ ထူး Mobile ဆိုင်မှ ကိုအောင်ထူးက “ကျနော်တို့ကို ကိုယ်စားလှယ်က ဖုန်းဆက်တယ်။ MPT က message ဝင်တယ်။ အင်တာနက် ဖွင့်တော့ဖွင့်ပေးတယ်။ E ပဲ ပေါ်တယ်။ အခုလို 5G Network တောင် ပေါ်နေတဲ့အချိန်မှာ ဖွင့်ပေးတာက 2G ဆိုတော့ ဘာမှ သုံးမရပါဘူး။ ဖွင့်ပေးရင်လည်း သုံးလို့ရအောင် ဖွင့်ပေးစေချင်တယ်” လို့ ပြောပါတယ်။ ဘူသီးတောင်မြို့မှ မခိုင်ရွှေဝါက “ပြန်ဖွင့်ပေးတဲ့ အင်တာနက်လိုင်းတွေမှာ 2G ပဲရရှိပြီး လိုင်းမကောင်းတာကြောင့် တခြားမြို့တွေနည်းတူ အင်တာနက်လိုင်းတွေ အပြည့်အဝဖွင့်ပေးဖို့ တောင်းဆိုချင်တယ်”လို့  ပြောပါတယ်။ ဖုန်းနှင့်လျှပ်စစ်ပစ္စည်းမျိုးစုံ အရောင်းဆိုင်မှ ကိုလင်းလင်းက “သတင်းတွေမှကတော့ အင်တာနက်ပြန်ရပြီလို့ ပြောကြတယ်။ ဒါပေမဲ့ ဘာမှသုံးမရဘူး။ Mytel က 2G ပဲ ပေါ်တယ်။ အင်တာနက်မရှိတော့ အလုပ်လုပ်ရတာလည်း ဘာမှကို အဆင်မပြေပါဘူး။ ဖွင့်ပေးရင်လည်း အပြည့်အဝဖွင့်ပေးပေါ့။ အခုက ဘာမှလည်း မဟုတ်ဘူး” လို့ ပြောပါတယ်။ အင်တာနက်လိုင်း ပြန်ဖွင့်ပေးတဲ့ မြို့နယ်တွေဖြစ်တဲ့ ရခိုင်ပြည်နယ်မှ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်များ၏ အင်တာနက်လိုင်းတွေမှာ 2G ပဲ ရရှိပြီး သုံးမရဖြစ်နေကြပြီး ပြည်သူတွေ အခက်အခဲတွေ့နေကြတာပါ။ ဘူးသီးတောင်မြို့မှ လူငယ်တချို့ကတော့ အင်တာနက်အသုံးပြုဖို့အတွက် ပေ ၁၀၀ ကျော် ၂၀၀ နီးပါး မြင့်တဲ့တောင်ထိပ်တွေ ဘုရားစေတီပုထိုးတွေရှိရာ တောင်ကုန်းတွေပေါ်အထိ ခက်ခက်ခဲခဲ သွားရောက်ရှာဖွေသုံးနေကြရဆဲ ဖြစ်သလို မြိုနဲ့ ၂ မိုင်ကျော်ဝေးပြီး မောင်တောမြို့ဘက်မှ network မိတဲ့နေရာတွေကို သွားရောက် အသုံးပြုနေကြရပါတယ်။ MPT မှ တာဝန်ရှိသူတစ်ဦးကတော့ ညွှန်ကြားချက်မှာ 2G network သာ ဖွင့်ပေးရန် ညွှန်ကြားထားတယ်လို့ ​ပြောဆိုပါတယ်။ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့မှာ ကြိုတင်အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့ပြီးနောက် စက်တင်ဘာလ ၁ ရက်နေ့မှာ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝမြို့နယ်တို့ကို အင်တာနက် ပြန်ဖွင့်ပေးခဲ့ပေမယ့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထပ်မံဖြတ်တောက်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မေလ ၂ ရက်နေ့မှာ မောင်တောမြို့နယ်ကို အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ပိတ်ထားတဲ့ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့သူအချို့ တရားစွဲဆိုခံရမှုတွေလည်း ရှိပါတယ်။  လင်းလက်
1 year Ago
More News
Up