ချက်ဆို နားခွက်က မီးတောက်တဲ့ သေနတ်အကြောင်း

May 23, 2020

ချက်ဆို နားခွက်က မီးတောက်တဲ့ သေနတ်အကြောင်း

“ချက်ဆို နားခွက်မီးတောက်”ဆိုတဲ့ ဆိုရိုးစကားက ဘယ်ခေတ်လောက်မှာ ပေါ်လာသလဲ ဆိုတာ ဆန်းစစ်ကြည့်တော့ အင်းဝခေတ်လောက်မှာ ပေါ်လာဟန်ရှိတယ်လို့ ဆိုနိုင်တယ်။ ဒီဆိုရိုးက ‘သေနတ်’ကတဆင့် ပေါ်ပေါက်လာခဲ့တာ။ အင်းဝခေတ်ရောက်တော့ သေနတ်က ပေါ်နေပြီ။ မြန်မာတွေလည်း သေနတ်ကိုင်နေကြပါပြီ။ အထူးသဖြင့် ဟံသာဝတီနဲ့ တောင်ငူတို့မှာ သေနတ်ကိုင်တဲ့ စစ်တပ်ကြီး ရှိနေပြီ။ ပထမအင်္ဂလိပ်-မြန်မာစစ်မှာ မြန်မာတို့က ‘ဓား၊ လှံ၊  လေး၊ မြား’တို့နဲ့ တိုက်ခိုက်တယ်ဆိုတာ သံသယဖြစ်စရာပါ။ မြန်မာခေါ်ဝေါ်သုံးစွဲခဲ့တဲ့ “သေနတ် ဂရနတ်”ဆိုတဲ့ လက်ပစ်ဗုံးတောင် တောင်ငူ၊ ဟံသာဝတီနဲ့ အင်းဝခေတ်မှာ ပေါ်နေပြီ။ စစ်သူကြီးမဟာဗန္ဓုလ ဓညဝတီချီ စစ်ကြောင်းကို ဖော်ပြရာမှာ “တပ်မတော်နှင့်တပ်ပေါင်း တဆယ့်နှစ်တပ်၊ တပ်ပါ ရဲမက် အမှုထမ်းလူ တစ်သောင်း၊ ဆင်ငါးဆယ်၊ မြင်းငါးရာ၊ အမြောက်၊ စိန်ပြောင်းသေနတ်လက်နက်ကိရိယာစုံများနှင့် စလင်းရှင်ဖြူကျွန်းဆိပ်ကသည် ဓညဝတီမြို့ရောက်ချီတက်ရပ်နေရ၏” ဆိုတဲ့ မှတ်တမ်းအရ ခေတ်မီလက်နက်တချို့တော့ ရှိနေခဲ့သလို အသုံးပြုခဲ့တာလည်း အသေအချာပါ။ သက္ကရာဇ် ၇၆၆ နဲ့ ၇၆၇ ခုနှစ် မင်းခေါင်နဲ့ရာဇာဓိရာဇ်တို့တိုက်ပွဲမှာ “မွန်မင်းရာဇာဓိရာဇ်သည် ဟံသာဝတီက ဆန်တက်၍ ပြည်မြို့သို့ရောက်လျှင် အကြိမ်ကြိမ် လုပ်ကြံသည်။ ပြည်မြို့အတွင်းက ပြောင်းသေနတ် အမြောက်မြတပူနှင့် ပစ်ခတ်၍ မြို့ကို မတက်ဝံ့။”ဆိုပြီး မှန်နန်းရာဇဝင်တော်ကြီး သတ္တမတွဲ စာ-၂၆၈ မှာ ဖော်ပြထားတာ တွေ့ရတယ်။ ‘မြတပူ’ ဆိုတာကတော့ အမြောက်ကို ပေးထားတဲ့အမည်ပါ။ ဒါကြောင့် အင်းဝခေတ်ကတည်းက သေနတ်ရောက်နေပြီလို့ ဆိုရမှာပါ။   မြန်မာစာပေမှာတော့ သေနတ်ဆိုတဲ့ ဝေါဟာရကို စတင်တွေ့ရတာက ဝန်ကြီးပဒေသရာဇာရဲ့ ‘သူဇာပျို့’မှာ တွေ့ရတာ။ သူဇာပျို့မှာ “သေနတ်တသီး၊ သွေးသောက်ကြီးနှင့် ဖြင်ညီးသောင်းသဲ၊ သူရဲနှင့်ဒိုင်း လမိုင်းအမြောက်” ဆိုပြီး ပါရှိတယ်။ တကယ်တော့ ‘သေနတ်’ဆိုတဲ့ဝေါဟာရ မြန်မာစကားတော့ မဟုတ်ပါဘူး။ ဒတ်ချ်’စကား “Senapang”ကို မြန်မာဝေါဟာရအဖြစ် ဖလှယ်ထားတာ။ သေနတ်ကို ကမ္ဘာမှာ စတင်ခဲ့တာက တရုတ်နိုင်ငံလို့ ဆိုပါတယ်။ ခရစ်နှစ် ၉၀၅ ခုနှစ်လောက်က စတင်ပေါ်လာတာ။ အဲဒီတုန်းကတော့ ဖယောင်းတိုင်မီးနဲ့ မီးရှို့ပြီး သေနတ်အဖြစ် သံချွန်ထည့် ပစ်ခတ်ရတာပါ။ ဒါကိုတော့ ‘မီးလှံ’လို့ ခေါ်ခဲ့ကြတာပေါ့။ ၁၂၅၀ ရောက်မှ ယမ်းနဲ့ ပစ်ခတ်ရတဲ့ လက်နက်ကို တီထွင်နိုင်ခဲ့တာ။ ဒီအချိန်ထိ ဥရောပမှာ သေနတ်မပေါ်သေးဘူး။ ၁၄ ရာစုရောက်မှဂျာမန်ဘုန်းတော်ကြီးတပါးဖြစ်တဲ့ ‘ဘာသိုးလ်ရှဝဒ်’ ကနေ တရုတ်ထံက ယူပြီးနောက်မှ သေနတ်ပေါ်လာတာ။ ပထမ‌‌တော့ ချိုင်းမှာညှပ်ပြီးပစ်တဲ့ သေနတ်ပေါ့။ နောက်တော့ အကွီးဗတ် (Arquebus) လို့ခေါ်တဲ့ သေနတ်တမျိုး  ပေါ်လာတယ်။ ‘စနက်မောင်း’သေနတ်တမျိုး ပေါ်ပြီးတဲ့နောက် ၁၅၄၀ ပြည့်နှစ်မှာ စပိန်ကနေ တီထွင်လိုက်တဲ့ မတ်စ်ကတ်(Musket)ဆိုတဲ့ သေနတ်အမျိုးအစား ပေါ်လာပြန်တယ်။ ၁၇ ရာစုမှ ၁၉ ရာစုတိုင်အောင် ဒီသေနတ်မျိုးကို သုံးခဲ့တာ။ ‘ငဇင်္ကာ’ သန်လျင်ကို ယူလာတဲ့ သေနတ်မျိုးပေါ့။ ပေါ်တူဂီတို့၊ ဒတ်ချ်တို့က အဲဒီသေနတ်ထဲမှာ ခဲစေ့ထည့် အသုံးပြုခဲ့ကြတာ။ တူမီးအမျိုးအစားလို့ ပြောလို့ရမယ် ထင်ပါတယ်။ တူမီးသေနတ်မပေါ်မီမှာ “ကျောက်မီးသေနတ်”ဆိုတာ ပေါ်လာခဲ့တယ်။ အဲဒီသေနတ်မျိုအစားဟာ မြန်မာနိုင်ငံကိုလည်း ရောက်လာခဲ့သလို မြန်မာဘုရင်တပ်တွေမှာလည်း အသုံးပြုခဲ့ဟန်ရှိပါတယ်။ ဒီသေနတ်အမျိုးအစားက ပြောင်းထဲကို ယမ်းတွေနဲ့ ခဲလုံးတွေ၊ ကာဘတ်တွေ ထည့်ပြီး ထိုးတန်နဲ့ကြပ်အောင် ထိုးသိပ်ရတာ။ ပြီးတာနဲ့ “နားခွက်” လို့ခေါ်တဲ့ ပြောင်းရဲ့ နောက်ဘက်၊ အောက်မှာ တပ်ဆင်ထားတဲ့ ခွက်ပုံစံ၊ သံပြားခွက်ပေါ်မှာ  ယမ်းအနည်းငယ် ပုံပေးရတယ်။ အဲဒီနားခွက်ရဲ့အပေါ်မှာ၊ ပြောင်းကို မီးကူးအောင်၊ ‘နားပေါက်’ခေါ် အပေါက်ငယ်လေး ဖောက်ထားရတယ်။ ပစ်တော့မယ်ဆိုရင် ‘မီးခတ်ကျောက်’ထည့်ထားတဲ့ ‘မီးမောင်တန်’ကို နောက်ကို ဆွဲပြီး မောင်းရတယ်။ ပြီးတာနဲ့ ‘လက်လှုပ်’လို့ခေါ်တဲ့ ခလုတ်ကိုဆွဲလိုက်တဲ့အခါ လက်ဝါးကာ’ခေါ်တဲ့ သံခလုတ်ကို ထိပြီး “ချက်ခနဲ” အသံမြည်ပြီး မီးခတ်လိုက်တော့တယ်။ အဲဒီလို ပေါ်ထွက်လာတဲ့ မီးပွားက နားခွက်ထဲရှိတဲ့ ယမ်းမှုန့်ကို မီးကူးပြီး ထတောက်တော့တာပေါ့။ အဲဒီနားခွက်ထဲက မီးတောက်က နားပေါက်ဆီကတဆင့် ပြောင်းထဲမှာရှိတဲ့ ကာဗတ်နဲ့ ယမ်းကို မီးကူးပြီး ပေါက်ကွဲရာက ခဲလုံးထွက်ပြီး ပစ်မှတ်ကို ထိမှန်စေတာပါ။ အဲဒီ “မီးကျောက်သေနတ်” အသုံးပြုရာကစလို့ “ချက်ဆို နားခွက်က မီးတောက်”ဆိုတဲ့ ဆိုရိုးစကား ပေါ်လာခဲ့တာ။    ဒါကြောင့် “ချက်ဆို နားခွက်မီးတောက်”ဆိုတဲ့ ဆိုရိုးစကားဟာ  အင်းဝခေတ်လောက်က ပေါ်လာတယ် ယူဆရန် အကြောင်းဖြစ်လာခဲ့တာပါ။ “ကျောက်မီးသေနတ်” ပုံစံကိုတော့ အထက်မှာ ဖော်ပြပေးလိုက်ပါတယ်။ ဒီပုံက ၁၉၃၆ ခုနှစ် မြန်မာ့အလင်း အောက်တိုဘာ ၈ ရက်‌နေ့ထုတ်မှာ ပါတဲ့ပုံပါ။ ဒီပုံကိုပဲ ရွှေကိုင်းသားက ရှေးခေတ်စစ်လက်နက်များ (မြဝတီ၊ ၁၉၅၅) မှာ ဖော်ပြထားတာကို ကူးယူဖော်ပြလိုက်တာပါ။ ဆရာဋ္ဌေး 
11 months Ago
Up