ချဲလ်ဆီးရှုံးပွဲတွေ့ပြီး

December 10, 2017

ချဲလ်ဆီးရှုံးပွဲတွေ့ပြီး စပါးအသင်း ဂိုးပြတ်အနိုင်ရ (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ နာမည်ကြီး ချဲလ်ဆီးအသင်း ရှုံးပွဲကြုံတွေ့ခဲ့ရပြီး စပါးအသင်းကတော့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ထိပ်ဆုံးက မန်စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို အမီလိုက်နိုင်ဖို့ အမှတ်လိုအပ်နေတာဖြစ်ပေမယ့် တန်းဆင်းဇုန်ထဲက ၀က်စ်ဟမ်းရဲ့ အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှုနဲ့ ဂိုးကန်သွင်းခွင့်တွေမှာ အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပေမယ့် ၀က်စ်ဟမ်းအသင်းရဲ့ နောက်ခံလူတွေနဲ့ ဂိုးသမားရဲ့ ပိတ်ဆို့ ဟန့်တားမှုတွေကြောင့် ချေပဂိုး သွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့တာပါ။ ၀က်စ်ဟမ်းအသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ တိုက်စစ်မှူး မာကိုက ပွဲချိန် ၇ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးရဲ့ ထိုးဖောက်မှုတွေကို ပိတ်ဆို့ဟန့်တားခဲ့တဲ့ ၀က်စ်ဟမ်းကစားသမားတွေ အ၀ါကတ် ၆ ကတ်အထိ ပြသခံခဲ့ရပါတယ်။ စပါးအသင်းကတော့ အိမ်ကွင်းမှာ စတုတ်စီးတီးအသင်းကို ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ စပါးအသင်းဟာ အိမ်ရှင်ဖြစ်တာနဲ့အညီ ဘောလုံးပိုင်ဆိုင်မှုမှာ အပြတ်အသတ် အသာစီးယူကစားနိုင်ခဲ့ပြီး ပထမဆုံးဂိုးကိုတော့ စတုတ်စီးတီးကစား ရှောခရော့က ကိုယ့်ဂိုးကိုယ်သွားမိခဲ့တာဖြစ်ပါတယ်။ အနိုင်ဂိုးတွေကို ဟယ်ရီကိန်းက ၂ ဂိုး၊ ဟောင်မင်းဆန်နဲ့ အဲရစ်ဆန်တို့က ၁ ဂိုးစီသွင်းယူခဲ့တာဖြစ်ပါတယ်။ စတုတ်စီးတီးအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ရှောခရော့က ပွဲချိန်မိနစ် ၈၀ မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာတော့ ချဲလ်ဆီးအသင်းက ရမှတ် ၃၂ မှတ်နဲ့ အဆင့် ၃၊ စပါးအသင်းက ရမှတ် ၂၈ မှတ်နဲ့ အဆင့် ၅၊ ၀က်စ်ဟမ်းအသင်းကတော့ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၈၊ စတုတ်စီးတီးကတော့ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၅ မှာ အသီးသီးရပ်တည်နေပါတယ်။
3 years Ago
Up