ချဲလ်ဆီးနည်းပြ

June 26, 2019

နည်းပြရာထူးအတွက် လမ်းပတ်နှင့် ညှိနှိုင်းရန် ချဲလ်ဆီးတာဝန်ရှိသူများ ခွင့်ပြု

ချဲလ်ဆီးအသင်း တာဝန်ရှိသူတွေက အသင်းမှာ လစ်လပ်နေတဲ့ နည်းပြနေရာအတွက် ကစားသမားဟောင်း ဖရန့်လမ်းပတ်နဲ့ စကားပြောဆိုညှိနှိုင်းဖို့ ခွင့်ပြုလိုက်ပါတယ်။ အသက် ၄၁ နှစ်အရွယ် ချဲလ်ဆီး ကွင်းလယ်ကစားသမားဟောင်း လမ်းပတ်ဟာ လက်ရှိမှာ ချန်ပီယံရှစ်တန်းက ဒါဘီအသင်းမှာ နည်းပြအဖြစ် လုပ်ကိုင်နေတာပါ။ ချဲလ်ဆီးကတော့ အသင်းနဲ့ လမ်းခွဲသွားတဲ့ နည်းပြ ဆာရီရဲ့နေရာမှာ အစားထိုးနိုင်ဖို့ နည်းပြသစ် ရှာဖွေနေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ လမ်းပတ်က ချဲလ်ဆီးနည်းပြရာထူးအတွက် ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ သူဟာ ကစားသမားဘဝတုန်းက ချဲလ်ဆီးအတွက် ပွဲပေါင်း ၆၄၈ ပွဲ ကစားပေးထားပြီး အသင်းနဲ့အတူ ဆုဖလားပေါင်း ၁၁ ခု ရယူနိုင်ခဲ့ပါတယ်။
2 years Ago

June 17, 2019

ချဲလ်ဆီးနည်းပြဟောင်း ဆာရီကို ဂျုဗင်တပ်နည်းပြအဖြစ် ခန့်အပ်

ဂျူဗင်တပ်အသင်းဟာ ချဲလ်ဆီးနည်းပြဆာရီကို နည်းပြချုပ်အဖြစ် ခေါ်ယူခန့်အပ်လိုက်ပါတယ်။ ဇွန် ၁၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းဘက်ကလည်း အဆိုပါသတင်းကို အတည်ပြုသွားခဲ့ပါတယ်။ အီတလီနည်းပြ ဆာရီဟာ ချဲလ်ဆီးအသင်းနဲ့ တရာသီကြာ ဖြတ်သန်းခဲ့အပြီးမှာပဲ အသင်းနဲ့ လမ်းခွဲဖို့ အကြောင်းဖန်လာခဲ့တာဖြစ်ပါတယ်။ အီတလီထိပ်တန်းကလပ် ဂျုဗင်တပ်အသင်းဟာ နည်းပြ အယ်လီဂရီ နဲ့ လမ်းခွဲခဲ့ပြီးနောက် အီတလီနည်းပြတဦးဖြစ်တဲ့ ဆာရီကို သဘောကျခဲ့တာကြောင့် အရခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ဆာရီအတွက် ချဲလ်ဆီးအသင်းကို စာချုပ်ဖျက်သိမ်းကြေး ပေါင်၅ သန်း ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဆာရီဟာ ချဲလ်ဆီးနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုထားသူဖြစ်ပြီး သူ့ရဲ့ပထမဆုံးရာသီမှာ ယူရိုပါလိဂ်ဖလားတလုံး ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ အသက် ၆၀ နှစ်ရှိ နည်းပြဆာရီဟာ အမ်ပိုလီ နဲ့ နာပိုလီအသင်းတွေမှာ ၆ နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် ထင်ရှားလာသူဖြစ်ပြီး ချဲလ်ဆီးကနေတဆင့် ဂျုဗင်တပ်အသင်းဆီ ရောက်ရှိခဲ့တာဖြစ်ပါတယ်။
2 years Ago
More News
Up