ချဲလ်ဆီးတွင် လက်ထောက်နည်းပြလုပ်မည့်သတင်း ပီယာလို ငြင်းဆန်

October 12, 2017

ချဲလ်ဆီးတွင် လက်ထောက်နည်းပြလုပ်မည့်သတင်း ပီယာလို ငြင်းဆန်

ချဲလ်ဆီးနည်းပြကွန်တီရဲ့ လက်အောက်မှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူမယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ပီယာလိုက ငြင်းဆန်လိုက်ပါတယ်။ အီတလီကစားသမားဟောင်း ပီယာလိုဟာ အမေရိကန် မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီးအသင်းမှာ ကစားနေပြီး ရာသီကုန်မှာ ကစားသမား ဘဝကနေ အနားယူတော့မယ်လို့ အောက်တိုဘာ ၈ ရက်က တရားဝင် ကြေညာထားတာပါ။ အသက် ၃၈ နှစ်ရှိ ပီယာလိုအနေနဲ့ ချဲလ်ဆီးအသင်းမှာ နည်းပြကွန်တီနဲ့အတူ နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ယူမယ်လို့ သတင်းတွေ ထွက်နေပေမယ့် မိမိမှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ်လို့ ပီယာလိုက ပြောပါတယ်။ မေဂျာလိဂ် ဘောလုံးရာသီအကုန်ဖြစ်တဲ့ ဒီဇင်ဘာလမှာ အီတလီကို ပြန်မှာဖြစ်ပြီး မိမိရဲ့ အနာဂတ်ကို မဆုံးဖြတ်ရသေးဘူးလို့လည်း ပီယာလိုက ဆိုပါတယ်။ အီတလီကွင်းလယ်ကစားသမား ပီယာလိုဟာ အေစီမီလန်နဲ့ ဂျူဗင်တပ်အသင်းတွေမှာ ဆုဖလား ၁၅ လုံး ရယူနိုင်ခဲ့ပြီး အီတလီ လက်ရွေးစင်အသင်းကိုလည်း ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
4 years Ago
Up